မိုဗစ်နဲ့ ကာဗာနီကို ခေါ်ယူဖို့ ကြိုးပမ်းမယ်လို့ လိဒ်အသင်းပိုင်ရှင် ပြော

22-7-2020-yyl-033.jpg

ဒီရာသီမှာ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်စွဲပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းက အေစီမီလန်တိုက်စစ်မှူး အေဘရာဟီမိုဗစ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီတို့ကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ အသင်းပိုင်ရှင် ရာဒရီဇာနီက ပြောပါတယ်။ လိဒ်အသင်းဟာ ၁၆ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို တစ်ကျော့ပြန် တန်းတက်လာချိန်မှာ ပရိသတ်တွေ လှုပ်လှုပ်ရှားရှားဖြစ်အောင် စီစဉ်နေပုံပါပဲ။ လိဒ်အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက အသက် ၃၈ နှစ်အရွယ် အီဘရာဟီမိုဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ မိုဗစ်က အေစီမီလန်နဲ့စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

” မိုဗစ်ကိုတော့ ခေါ်ယူဖို့ တော်တော်ခက်ခဲမှာပါ။ သူ့ကို ဇန်နဝါရီလက ခေါ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ သူက အေစီမီလန်ကို ရွေးချယ်ခဲ့လို့ စာချုပ်ချုပ်မယ့်ကိစ္စ ပျက်ပြယ်ခဲ့ပါတယ်။ အခုတော့ တော်တော်နောက်ကျသွားပြီထင်တယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုကလည်း တမူထူးခြားလာပါပြီ”လို့ လိဒ်အသင်းပိုင်ရှင် ရာဒရီဇာနီက ပြောပါတယ်။ မိုဗစ်ဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြားကာလအတွင်း မန်ယူမှာ လာရောက်ကစားခဲ့ဖူးပြီး ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားချိန်မှာ ၂၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ အေစီမီလန်အတွက် ၁၆ ပွဲ ပါဝင်ကစားပြီး ၆ ဂိုးသွင်းထားပါတယ်။ မိုဗစ်ကို ခေါ်ယူဖို့ မလွယ်ကူဘူးလို့ လိဒ်အသင်းပိုင်ရှင်က ဝန်ခံခဲ့ပေမဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ကတော့ ဖြစ်နိုင်ခြေရှိတယ်လို့ သူက ဆိုပါတယ်။ ပီအက်စ်ဂျီမှာ ပွဲထွက်ခွင့် ဆုံးရှုံးနေတဲ့ ကာဗာနီဟာ ဒီရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top