ကစားသမားတွေ ဆန္ဒမပါဘဲ လေ့ကျင့်ခန်း မဆင်းခိုင်းဘူးလို့ လီဗာပူးနည်းပြ ပြော

21-5-2020-yyl-008.jpg

အသင်းသားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးက အဓိကကျလို့ လီဗာပူးကစားသမား တစ်ဦးတစ်ယောက်ကိုမျှ သူတို့ဆန္ဒမပါဘဲ လေ့ကျင့်ခန်းဆင်းခိုင်းတာ၊ ပွဲကစားခိုင်းတာမျိုး မလုပ်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြပါတယ်။ ဂျာဂန်ကလော့ကတော့ နှာခေါင်းစည်းတပ်ပြီး ညွှန်ကြားနေတာ တွေ့ရပါတယ်။

” ဒါကတော့ ကစားသမားတွေရဲ့ ရွေးချယ်မှုပါပဲ။ အဖြေက ရှင်းပါတယ်။ လေ့ကျင့်ခန်းမစခင်ကတည်းက ‘ မင်းတို့တွေ ကိုယ့်သဘောနဲ့ကိုယ် ရောက်လာကြတာ။ ပုံမှန်အတိုင်းဆိုရင် အသင်းနဲ့ စာချုပ်ချုပ်ထားလို့ လေ့ကျင့်ခန်းလာဆင်းဖို့ လိုတယ်။ ဒါပေမဲ့ ဒီကိစ္စမှာတော့ ကိုယ့်အတွက် ဘေးအန္တရာယ်ကင်းရှင်းတယ်လို့ မခံစားရရင် လေ့ကျင့်ခန်း လာမဆင်းကြနဲ့’လို့ ကျွန်တော် ပြောခဲ့တယ်။ ကန့်သတ်ချက်တွေ၊ အပြစ်ပေးတာတွေ ဘာဆိုဘာမှ မရှိဘူး။ ဒါက သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ရာနှုန်းပြည့်လေးစားပါတယ်။ ကျွန်တော်တို့ ဘောလုံးကို ချစ်ပါတယ်။ ဒါက ကျွန်တော်တို့အလုပ်ပါပဲ။ ဒါပေမဲ့ ကိုယ့်အသက်၊ တခြားသူတွေအသက်ထက်တော့ ပိုအရေးမကြီးပါဘူး”လို့ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးအသင်း နောက်ထပ်ပွဲစဉ် ၂ ပွဲ အနိုင်ရရင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်မယ့် အခြေအနေမျိုးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆိုင်းငံ့ခဲ့ရတာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top