ပေါင်သန်း ၂၀၀ ကျော် သုံးခဲ့ပြီးတာတောင် ချန်ပီယံဆုကို စိန်ခေါ်ဖို့ အဆင့်သင့်မဖြစ်သေးဘူး ဆိုတဲ့ လမ်းပတ်

20-1-2021-yyl-24.jpg

ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ မှာ ချဲလ်ဆီးက လက်စတာကို ၂ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ လက်စတာအတွက် ပထမပိုင်းပွဲကစားချိန် ၆ မိနစ် ၊ ၄၁ မိနစ်တွေမှာ ကွင်းလယ်လူတွေဖြစ်တဲ့ အန်ဒီဒီ နဲ့ ဂျိမ်းမက်ဒီဆင်တို့က ဂိုးတွေ သွင်းယူပေးခဲ့တာပါ။

ဒီရှုံးပွဲကြောင့် ချဲလ်ဆီးဟာ အမှတ်ပေးဇယား အဆင့် ၈ နေရာအထိရောက်သွားခဲ့ပါတယ်။ ရာသီအစပိုင်းမှာ အဆင့် ၁ နေရာအထိရောက်ရှိခဲ့ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ၈ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံအိမ်မက်ကို လက်လွှတ်ရဖို့ရှိနေပါပြီ။

ပွဲအပြီး အင်တာဗျူးမှာတော့ နည်းပြ လမ်းပတ်က “ ဖိအားတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဒီအလုပ်ကို လက်ခံခဲ့ကတည်းက ခက်ခဲတဲ့အချိန်တွေ ရှိလာမယ်ဆိုတာ ကြိုသိနေပြီးသားပါ။ လက်ရှိ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အဆင့်သင့်ဖြစ်နေတဲ့ အသင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ ကစားသမားခေါ်ယူခွင့် အပိတ်ခံခဲ့ရတယ်။ အခုအသင်းမှာ ရှိနေတဲ့ ကစားသမားအများစုကလည်း လူငယ်ကစားသမားတွေနဲ့ ကစားသမားအသစ်တွေကြီးပဲ။ ဒီအသင်းနဲ့ သက်ဆိုင်သူတွေရဲ့ မျှော်မှန်းချက်တွေကို ကျွန်တော်ကောင်းကောင်း နားလည်ပါတယ်။

ဒါပေမယ့် ဆုဖလားတွေ အစဉ်အမြဲရယူခဲ့တဲ့ အရင်တုန်းက ချဲလ်ဆီးအသင်းလို အနေအထားမျိုး အခုလက်ရှိအသင်းမှာ ရှိမနေပါဘူး။ ရာသီတစ်လျှောက်လုံး ခြေစွမ်းတည်ငြိမ်ခြင်းတွေ ၊ လုံလောက်တဲ့ကြံ့ခိုင်မှုတွေ၊ ပရီးမီးယားလိဂ်ဖလားရဖူးတဲ့အတွေ့အကြုံတွေ စတဲ့ အချက်တွေက အရင်နဲ့ လုံးဝကွဲပြားနေပါတယ် ၊ ပိုကောင်းတဲ့ အသင်းက ဒီနေ့ပွဲကို အနိုင်ရသွားခဲ့တာပါ ၊ ကျွန်တော့်အနာဂတ်ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ မပြောတတ်ဘူး “ လို့ ချန်ပီယံဆုကို အားလျှော့လိုက်တဲ့ စကားကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၃၀ သုံးပြီး တီမိုဝါနာ ၊ ခိုင်ဟာဗက်ဇ် ၊ ဇီယက်ချ်၊ မန်ဒီ ၊ သီယာဂို ဆေးလ်ဗား စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တာကြောင့် ချန်ပီယံဆုစိန်ခေါ်နိုင်မယ့်အသင်းလို့ အားလုံးက သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကစားသမားသစ်တွေ ခြေစွမ်းပြဖို့ရုန်းကန်နေရမှု ၊ နည်းပြဖြစ်သူ လမ်းပတ်ရဲ့ ဆုံးဖြတ်ချက်တွေ၊ နည်းစနစ်ပိုင်း အားနည်းမှုတွေက ချဲလ်ဆီးအသင်းကို ချန်ပီယံလမ်းကြောင်းပေါ်ကနေ လွင့်စင်စေခဲ့တဲ့ အနေအထားပါ။ လမ်းပတ်လည်း ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။

ငြိမ်းချမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top