အလယ်တန်းကျောင်း စတက်ရမှာ စိုးရိမ်နေတဲ့ လီဗာပူးပရိသတ် ချာတိတ်လေးကို နည်းပြ ဂျာဂန်ကလော့ စာပြန်

13-10-2020-yyl-017-1.jpg

အသက် ၁၁ နှစ်အရွယ် လီဗာပူးပရိသတ်ကလေးငယ်မှာ ဒီနှစ်ကျောင်းဖွင့်ရင် အလယ်တန်းကျောင်း စတက်ရမှာ ကြောက်ရွံ့နေတယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ဆီ စာပို့ခဲ့ပြီး ယာဂန်ကလော့ကလည်း သူ့ကို စာပြန်ခဲ့ပါတယ်။ ဘာ့ဂ်ရှိုင်းယားစီရင်စုမှာ နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ် လီဝစ်ဟာ ပြီးခဲ့တဲ့နွေရာသီအားလပ်ရက်မှာ ဂျာဂန်ကလော့ဆီ စာပို့ခဲ့ပြီး ပြီးခဲ့တဲ့အားလပ်ရက်မှာတော့ ဂျာဂန်ကလော့ဆီက ပြန်စာရခဲ့တာပါ။

လီဗာပူးနည်းပြ ယာဂန်ကလော့က ” သား ကို ဦးရဲ့လျှို့ဝှက်ချက် ပြောပြမယ်။ တကယ်တော့ ဦးလည်း စိုးရိမ်ပူပန်မှု ရှိတာပဲ။ အရိုးသားဆုံး ပြောရရင် ဦးကတော့ စိုးရိမ်ပူပန်စိတ် မဖြစ်မှာကို ကြောက်တာပါ။ ပူပန်စိတ်ဖြစ်ရင် အဲဒီစိတ်ကို အပြုသဘောဆောင်တဲ့ တွန်းအားအဖြစ် ပြောင်းလဲလို့ ရတယ်လေ။ သားအရွယ် ကလေးတစ်ယောက်အတွက်တော့ ဦး ပြောတာက ထူးဆန်းနေလိမ့်မယ်။ လီဗာပူးနည်းပြကလည်း ငါ့လိုပဲ ခံစားရသလားဆိုတာကိုပေါ့။ တကယ်တော့ ဦးလည်း သားလို ခံစားရတာပါပဲ။ လီဗာပူးကစားသမားတွေ ကြောက်ရွံ့နေတဲ့အခါ ဘာလုပ်ပေးလဲလို့ သား မေးထားတယ်နော်။ သူတို့ အဲ့လိုဖြစ်တဲ့အခါ သူတို့က ဦးအတွက် ဘယ်လောက်အရေးကြီးတယ်၊ သူတို့အပေါ် ဦးဘယ်လောက် ယုံကြည်တယ်ဆိုတာ သူတို့သတိရလာအောင် ပြောပြပေးတယ်။ သားမိသားစုနဲ့ သားလည်း အဲဒီအတိုင်းပဲ ဖြစ်မှာပါ။ ဆိုးရွားတာတွေ ဖြစ်လာမှာကို စိုးရိမ်ပူပန်နေစရာ မလိုဘူး ကလေး။ ဦးလည်း ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့ဖူးတယ်။ အဲဒီခံစားချက်က မကောင်းဘူး။ ဒါပေမဲ့ မိသားစု၊ မိတ်ဆွေတွေရဲ့ အကူအညီတွေနဲ့ ခရီးဆက်နိုင်ခဲ့တယ်။ နောက်ဆုံးတော့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကောင်းတွေ ပိုင်ဆိုင်နိုင်ခဲ့တယ်။

ဆိုးရွားတဲ့အချိန်တွေအကြောင်းပဲ တွေးနေရင် ပျော်စရာကောင်းတဲ့အချိန်တွေ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်လောက်ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တွေးပြီး တောက်ပတဲ့ အချိန်တွေကို မျှော်လင့်ထားပါ။ သားလည်း အရွယ်ရောက်လာဦးမှာပါ။ သားက လီဗာပူးမိသားစုဝင်တစ်ယောက်ဆိုတာ မမေ့ပါနဲ့။ သားလို ပျော်ရွှင်ခွင့်ရချင်တဲ့ လူသန်းပေါင်းများစွာ ရှိနေတာကို မမေ့ပါနဲ့။ သားရဲ့ အားပေးထောက်ခံမှုက ဦးအတွက်ရော၊ လီဗာပူးအသင်းအဖွဲ့ဝင်အားလုံးအတွက်ရော အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဒီစာက သားကို ဦးတို့အားပေးနေတယ်ဆိုတာ ဖော်ပြနိုင်စေဖို့ မျှော်လင့်ပါတယ်”လို့ ရေးထားပါတယ်။ လီဗာပူးနည်းပြ ဂျာဂန်ကလော့ဟာ အရင်တုန်းကလည်း မန်ယူပရိသတ် ကလေးငယ်တစ်ယောက်ဆီကို စာပြန်ခဲ့ဖူးပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top