ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်ရေးအေဂျင်စီက ရုရှားနိုင်ငံကို အားကစားပြိုင်ပွဲတွေကနေ ၄ နှစ်ပိတ်ပင်

yyl-024-5.jpg

ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီ(Wada)က ရုရှားနိုင်ငံကို အဓိကအားကစားပြိုင်ပွဲအားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် (၄)နှစ်ပိတ်ပင်ခဲ့ပါတယ်။ အဲဒီအတွက် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ၊ မသန်စွမ်းအားကစားပြိုင်ပွဲ၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ရုရှားအလံလွှင့်ထူခွင့်နဲ့ ရုရှားနိုင်ငံတော်သီချင်းဖွင့်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဒါပေမဲ့ တားမြစ်ဆေးအရှုပ်တော်ပုံမှာ ငြိစွန်းခဲ့ခြင်းမရှိဘူးလို့ သက်သေပြနိုင်တဲ့ အားကစားသမားတွေကတော့ ရုရှားနိုင်ငံကို ကိုယ်စားမပြုတဲ့ အလံလွှင့်ထူပြီး ပါဝင်ယှဉ်ပြိုင်ခွင့်ရှိနေပါတယ်။

အခုပိတ်ပင်မှုဟာ ရုရှားနိုင်ငံကို ဆန့်ကျင်တဲ့ နာတာရှည်စိတ်ကစဥ့်ကလျားရောဂါရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ရုရှားဝန်ကြီးချုပ် မီဒီဒက်ဗ်က ပြောပါတယ်။ ရုရှားနိုင်ငံအနေနဲ့ အခုချမှတ်ခဲ့တဲ့ ပိတ်ပင်မှုကို ၂၁ ရက်အတွင်း အယူခံဝင်ခွင့်ရှိတယ်လို့ Wada က ပြောပါတယ်။ တကယ်လို့ ရုရှားနိုင်ငံက အယူခံဝင်ခဲ့ရင် ဒီအမှုကို အားကစားဆိုင်ရာ ဖျန်ဖြေရေးတရားရုံးက ဖြေရှင်းပေးရမှာပါ။ Wada ရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်နိုင်မယ့် ခိုင်မာတဲ့အချက်တွေရှိတယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလက စုံစမ်းစစ်ဆေးသူတွေထံ လွှဲပြောင်းပေးအပ်ခဲ့တဲ့ ဓာတ်ခွဲခန်းနမူနာအချက်အလက်တွေကို ကြိုးကိုင်ချယ်လှယ်ခွင့်ပေးခဲ့ခြင်းမရှိဘူးလို့ ရုရှားနိုင်ငံ တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့က ကြေညာခဲ့ပြီးနောက်မှာ Wada က အမိန့်ချမှတ်ခဲ့တာပါ။

ရုရှားနိုင်ငံဟာ အဓိကအားကစားပြိုင်ပွဲတွေကနေ ၄ နှစ်ပိတ်ပင်ခံခဲ့ရပေမဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာပါ။ ယူရို-၂၀၂၀ ပြိုင်ပွဲရဲ့ ပွဲစဉ်တချို့ကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ လက်ခံကျင်းပမှာပါ။ ရုရှားနိုင်ငံက အားကစားသမားတွေဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရုရှားနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒီအတွက် ၂၀၁၈ ခုနှစ် ပြုံးချန်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ ရုရှားအားကစားသမား ၁၆၈ ယောက်က ရုရှားနိုင်ငံကို ကိုယ်စားမပြုတဲ့ အလံလွှင့်ထူပြီး ပါဝင်ဆင်နွှဲခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top