စစ်တမ်း (၂) ခုအရ ကမ္ဘာကြီးရဲ့ လက်ရှိရာသီဥတုပြောင်းလဲမှုဟာ နှစ်ပေါင်း ၂၀၀၀ အတွင်း အဆိုးဆုံးဖြစ်နေပါတယ်

15781-climate_teaser.jpg

ကမ္ဘာကြီးရဲ့ ရာသီဥတုပြောင်းလဲလာပြီး ပူနွေးလာတယ်ဆိုတဲ့အချက်ကို လက်မခံချင်သူတော်တော်များများ မျှော်လင့်နေတဲ့အချက်ကတော့ အခုလက်ရှိ ကမ္ဘာကြီးရဲ့ အခြေအနေဟာ ပုံမှန်မဟုတ်တာ ဘာမှမရှိဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ကမ္ဘာဂြိုဟ်ကြီးရဲ့ အပူချိန်ဟာ တိုးခြင်း၊ နည်းခြင်း အစရှိတဲ့သံသရာကို ခေတ်အဆက်ဆက်လည်ပတ်နေခဲ့တာဖြစ်ပြီး အခုလို တိုးလာခြင်းဟာလဲ တစ်ချိန်မှာ ပြန်ကျသွားမယ်လို့ သူတို့က မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် အခုရရှိလာတဲ့ လေ့လာမှုအသစ်တစ်ခုရဲ့ ဖော်ပြချက်အရတော့ လက်ရှိကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ အခြေအနေများဟာ ပုံမှန်မဟုတ်ပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ အတွင်း တစ်ခါမှမကြုံဖူးတဲ့ အရာကို ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုလက်မခံသူတို့ရဲ့ “ပုံမှန်အတိုင်းဖြစ်နေတယ်” ဆိုတဲ့ ငြင်းချက်တို့ကို အဆုံးသတ်သွားစေ ပါတယ်။

သိပ္ပံစာတမ်း ၂ ခု

ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့တုန်းက သုတေသီများဟာ Nature နဲ့ Nature Geoscience ဂျာနယ်များမှာ လေ့လာမှုစာတမ်း (၂) ခုကို အသီးသီး တင်ပြခဲ့ကြပါတယ်/ Nature ဂျာနယ်မှာ ဖော်ပြခဲ့တဲ့စာတမ်းအရ သုတေသီများဟာ အပူချိန်မှတ်တမ်းပေါင်း (၇၀၀) ခန့်ကို အသုံးပြုပြီးတော့ လွန်ခဲ့တဲ့နှစ် ၂၀၀၀ အတွင်း ကမ္ဘာကြီးရဲ့ ရာသီဥတုအခြေအနေပြောင်းလဲမှုကို ပြန်လည်တွက်ချက်ခဲ့ကြပါတယ်။ Nature Geoscience ဂျာနယ်မှာဖော်ပြခဲ့တဲ့ စာတမ်းကတော့ ကမ္ဘာကြီးရဲ့ ပျမ်းမျှအပူချိန် ဇယားများကို အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။

အခုလို နည်းများကို အသုံးပြုခြင်းဟာ ရောမခေတ်ပူနွေးခြင်းကာလဖြစ်တဲ့ အေဒီ ၂၅၀ နဲ့ ၄၀၀ ကာလ၊ ရေခဲခေတ်အငယ်စားကာလဖြစ်တဲ့ အေဒီ ၁၃၀၀ နဲ့ ၁၈၇၀ ကြားကာလများအတွင်းက အချိန်များအပါအဝင် ပူခြင်း၊ အေးခြင်း တစ်လှည့်စီဖြစ်တဲ့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ရာသီဥတုသံသရာကို ကောင်းမွန်စွာ ခွဲခြမ်းစိတ်ဖြာခြင်း ပြုလုပ်နိုင်စေခဲ့ပါတယ်။

ဒီဟာ ပုံမှန်သံသရာတစ်ခုမဟုတ်ပါ

Nature ဂျာနယ်က စာတမ်းရဲ့ ဖော်ပြချက်အရ သမိုင်းမှာ မှတ်တမ်းတင်ထားသလောက် ကမ္ဘာကြီးရဲ့ တစ်ဝက်ခန့်ဟာ တစ်ချိန်တည်းမှာ ပူနွေးလာခြင်း၊ အေးလာခြင်း ကို မကြုံတွေ့ခဲ့ရဘူးလို့ တွေ့ခဲ့ရကြောင်း သိရပါတယ်။ ၂၀ ရာစုနှစ်က စတင်ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ကျွန်တော်တို့ဂြိုဟ်ကြီးတစ်ခုလုံးရဲ့ ၉၈% ခန့်က တစ်ပြေးညီခံစားနေရခြင်းဖြစ်ပါတယ်။

ဒီစာတမ်းရဲ့ သုံးသပ်မှုဟာ ရာသီဥတုဖောက်ပြန်ခြင်းကို လက်မခံသူများ ငြင်းချက်ထုတ်လေ့ရှိတဲ့ လက်ရှိကမ္ဘာကြီးဟာ ပုံမှန်သဘာဝ အပူချိန်သံသရာတစ်ခုကို ခံစားနေရခြင်းဖြစ်တယ်ဆိုတဲ့ အချက်ကို ရပ်တန့်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း University College London မှ ရာသီဥတုဆိုင်ရာ ပရော်ဖက်ဆာတစ်ဦးဖြစ်သူ Mark Maslin က BBC ကို ပြောကြားခဲ့ပါတယ်။

Nature Geoscience မှာ ဖော်ပြခဲ့တဲ့ စာတမ်းအရတော့ ကမ္ဘာကြီးပူနွေးလာမှုနှုန်းဟာ ဘယ်တုန်းကမှ အခုလောက် မမြန်ဆန်ဖူးဘူးလို့ ဆိုတဲ့အတွက် ဒီအချက်နဲ့ ပတ်သတ်ပြီး ငြင်းခုံနေကြဖို့ ကျွန်တော်တို့မှာ အချိန်သိပ်မရတော့ပါဘူး။ ကောင်းမွန်မှန်ကန်တဲ့ လုပ်ဆောင်မှုများ၊ ကာကွယ်မှုများကို စတင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top