ONE Championship ကစားသမား ဖိုးသော်နှင့် ကမ္ဘာ့အမွေအနှစ်နေရာ ပုဂံအမှတ်တရများ

My-Post-2.jpg

ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုအဖြစ် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ပြီးခဲ့သည့် ဇူလိုင်လဆန်းတွင် အတည်ပြုသတ်မှတ်ပေးခဲ့သည်။ ပထမ မြန်မာနိုင်ငံတော်ကိုတည်ထောင်ရာမြို့တော်ဖြစ်သည့် ပုဂံသည် မြန်မာနိုင်ငံသားအားလုံး၏တန်ဖိုးမဖြတ်နိုင်သည့် အမွေအနှစ်တစ်ခုလည်းဖြစ်သည်။ အဆိုပါ ပုဂံမြို့တော်ဟောင်းနှင့်ပတ်သက်၍ ONE Championship ၏ မြန်မာနိုင်ငံသား ကစားသမား “ဘူရှီဒို” ဖိုးသော်က ၎င်း၏အမြင်နှင့် အမှတ်တရများအကြောင်းပြောပြခဲ့သည်။

ဖိုးသော်က ပုဂံကို ပထမဆုံးရောက်ခဲ့ဖူးသည့်ခရီးစဉ်အကြောင်းကို စတင်ပြောပြခဲ့သည်။ ကမ္ဘာလှည့် ခရီးသွားများကိုအဆွဲဆောင်နိုင်ဆုံးနေရာဖြစ်သည့် ပုဂံမြို့ဟောင်းကို လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်ခုကျော်၊ အလယ်တန်းကျောင်းသားဘဝကတည်းက စတင်ရောက်ရှိခဲ့ဖူးသည်ဟု ဖိုးသော်ကဆိုသည်။ လက်ရှိတွင် အသက် (၃၄) နှစ် အရွယ်ရှိသူ ဖိုးသော်က ထိုစဉ်ကအဖြစ်အပျက်များကို အတိအကျပြန်လည်မှတ်မိခြင်း မရှိတော့ သော် လည်း ၎င်း၏ဘဝတွင် ပထမဆုံး ရင်သပ်ရှုမောဖြစ်ခဲ့ရသည့် ပုဂံ၏ အနုသုခုမဗိသုကာလက်ရာများအကြောင်းကို ပြောပြခဲ့သည်။

“ကျွန်တော်က အာရှနဲ့ သမိုင်းနဲ့ ပတ်သက်တာတွေကို စိတ်ဝင်စားတယ်။ ဒီဘုရားတွေ အခုလို နှစ်တွေအကြာကြီး တည်ရှိနေနိုင်တာ၊ အရင်ခေတ်တုန်းကနည်းပညာတွေနဲ့ ဒီလိုဆောက်ခဲ့ပါလားဆိုတာတွေကို ကြည့်ပြီး အံ့သြသွားတာပေါ့။ ဘုရားတွေကလည်း အကြီးကြီး။ အုပ်ချပ်တွေကလည်း အခုခေတ်နဲ့မတူဘူးပေါ့။ အဲဒီလို စိတ်ဝင်စားတာတွေ ရှိတယ်။ နောက်ပြီး သူတို့ရဲ့သမိုင်းကြောင်းပေါ့။ ဘယ်ဘုရင်တွေတည်ခဲ့တယ်ဆိုတာတွေ၊ ထူးခြားချက်တွေ၊ အဲဒါမျိုးတွေသိခွင့်ရတော့ သာမန်ဘုရားဖူးခရီးနဲ့တော့ မတူဘူးပေါ့”ဟု ဖိုးသော်က ၎င်း၏ ပထမဆုံးခရီးစဉ်အကြောင်းကို ပြောပြသည်။

“နောက်ဆုံးရောက်တဲ့အခေါက်တုန်းက ဘာတွေကွာခြားနေသလဲဆိုတော့ ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေ အားနည်းတယ်ပေါ့။ ရှေးဟောင်းပစ္စည်းဆိုတာက ကမ္ဘာမှာ အရမ်းတန်ဖိုးကြီးတယ်။ ဂုဏ်ယူစရာကောင်းတယ်။ နံရံတွေပေါ်မှာ ကော်ရက်ရှင်ပန်တွေနဲ့ လျှောက်ရေးတာမျိုး၊ ဘုရားဝတ္တကမြေမှာ ဘာသာရေးနဲ့မဆီလျော်တဲ့ ကိစ္စတွေလုပ်တာမျိုး၊ သန့်ရှင်းသပ်ရပ်မှုအားနည်းပြီးညစ်ပတ်တာတွေ အဲဒါမျိုးအများကြီးတွေ့ခဲ့ရတယ်။ အဲဒါမျိုးတွေ မဖြစ်စေချင်ဘူးပေါ့။ တချို့ဟာတွေက ပျက်စီးသွားရင်ပြန်ပြင်လို့မရတော့ဘူး။ နံရံဆေးရေး ပန်းချီတွေဆိုရင် အပေါ်ကနေအုပ်ပစ်လိုက်တာ၊ လျှောက်ရေးပစ်တာတွေက အရမ်းရုပ်ပျက်ဆင်းပျက် ဖြစ်တယ်”ဟု ဖိုးသော်က ၎င်း၏အမြင်ကိုပြောပြခဲ့သည်။

အဆိုပါ ပုဂံရှေးဟောင်းမြို့တော်ကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်နိုင်ရန် ယခုနှစ် ယူနက်စကိုကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပြီး အတည်ပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမွေအနှစ် နယ်မြေစာရင်းတွင် ပြာဿဒ်ကြီး၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ လောကနန္ဒာ၊ ရွှေစည်းခုံ၊ ထီးလိုမင်းလို စသည့် နာမည်ကြီးဘုရားစေတီများပါဝင်ပြီး အဆောက်အအုံစုစုပေါင်း (၃၈၂၂) ခု ပါဝင်ကြောင်းသိရသည်။ မြန်မာအစိုးရ နှင့် ယူနက်စကိုအဖွဲ့တာဝန်ရှိသူများသည် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာအဖြစ်သတ်မှတ်နိုင်ရေး ကို ၂ဝ၁၃ ခုနှစ်ကစတင်ပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

“ပုဂံကို ထပ်သွားဖြစ်ရင်တော့ အမှတ်တရလေးတွေရှိအောင်လုပ်ချင်တယ်။ ယူနက်စကိုက အခုသတ်မှတ်ပေး လိုက် တဲ့ ကမ္ဘာ့အမွေအနှစ်နေရာဆိုတာကို လူအများသိအောင် ပြန်လည်မျှဝေချင်တယ်။ ဒီနေရာကိုလာလည်ဖို့ ဖိတ်ခေါ်မယ်။ နောက်လူတွေအနေနဲ့လည်း ဒါတွေကိုဆက်ထိန်းသိမ်းဖို့၊ ဒီအပေါ်မှာဂုဏ်ယူတတ်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံသားတွေအားလုံးသိအောင် လူမှုကွန်ရက်ကတဆင့် မျှဝေပေး ချင်တယ်။ ကျွန်တော့်မှာ အဲဒီလိုပြောဖို့ ရိုက်ထားတဲ့ဓာတ်ပုံတောင်မရှိဘူး။ ငယ်ငယ်တုန်းကသွားထားတာ ဆိုတော့။ ဖုန်းတွေလည်းမရှိသေးလို့ ဖလင်ကင်မရာတွေနဲ့ပဲရိုက်ရတာ”ဟု ဖိုးသော်က ဆက်လက်ပြောပြခဲ့သည်။

ဖိုးသော်လည် လတ်တလောတွင် ONE Championship ၏ ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲ (၉) ပွဲ ပါဝင် ကစားထားရာတွင် တစ်ပွဲသာရှုံးနိမ့်ထားပြီး ကျန်ပွဲအားလုံးအနိုင်ရထားသဖြင့် အောင်လအန်ဆန်ပြီးလျှင် နိုင်ပွဲအများဆုံး မြန်မာကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။ ထို့ပြင် ပရဟိတသွေးလှူရှင်အဖွဲ့တစ်ဖွဲ့ကိုပါ တည်ထောင်ပြီး အရေးပေါ်သွေးလိုအပ်နေသူများကို သူကိုယ်တိုင်လည်းသွေးလှူသလို အခြားသူများလှူနိုင်ရန် လိုက်လံကူညီနေသူဖြစ်သည်။ ၎င်းတည်ထောင်ထားသည့် Team PT အားကစားရုံတွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံနှင့် ရိုးရာလက်ဝှေ့တို့မှ ကစားသမားအများအပြား ပါဝင်ကစားနေကြသည်။

“အခုလို ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တယ်ဆိုတာ ကောင်းပါတယ်။ သူ့ရဲ့ သတ်မှတ်တဲ့အရည်အချင်း ပြည့်မီလို့ဝင်တာပေါ့နော်။ ပိုပြီး စိတ်ဝင်စားမှုမြင့်တက်အောင် ကိုယ့်နိုင်ငံရဲ့ ပြယုဂ်ကောင်းတစ်ခုအနေနဲ့ ထိန်းထိန်း သိမ်းသိမ်း လူတိုင်းပါဝင်လုပ်ဆောင်စေချင်တယ်။ လေ့လာစရာအနေနဲ့ရော၊ အပန်းဖြေစရာ အနေနဲ့ရော စိတ်ဝင်စားစရာပြည့်နေတဲ့ အဲဒီနေရာကို ပိုပြီးတိုးတက်လာအောင်လုပ်စေချင်တယ်။ တခြားလည်း အဲဒီလို သတ်မှတ်ခံရသင့်တဲ့နေရာတွေ မြန်မာနိုင်ငံမှာအများကြီးပါ။ အခုအချိန်မှာ ရထားတဲ့ဟာလေးကို သေချာလေး ထိန်းထိန်းသိမ်းသိမ်း ဆက်လုပ်သွားစေချင်တယ်”ဟု ဖိုးသော်က တိုက်တွန်းပြောကြားသွားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top