ဂျူဒိုအားကစားဖြင့် ကျော်ကြားလာသူ ONE ကစားသမား Yoshihiro Akiyama

Yoshihiro-Akiyama-1200x800.jpg

ဂျုဒိုအားကစားကိုမြတ်နိုးသူ အသက် (၄၃) နှစ်ရှိ ဂျပန်-ကိုရီးယားလူမျိုး Yoshihiro Akiyama သည် ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့အစည်းတွင် ပထမဆုံးအကြိမ် စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်းသည် လာမည့်ဇွန်လ (၁၅) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ကျင်းပမည့် LEGENDARY QUEST ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတွင် ဝယ်တာဝိတ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားယှဉ်ပြိုင်မှုအဖြစ် ပြိုင်ဘက် လူငယ်ကစားသမား Agilan Thani နှင့် ထိုးသတ်မည်ဖြစ်သည်။ Yoshihiro Akiyama သည် ONE Championship အဖွဲ့အစည်း၏ စည်းမျဉ်းများသည် ၎င်း၏ ခံယူချက်နှင့် တစ်ထပ်တည်းကျသောကြောင့် အဖွဲ့အစည်းနှင့် ပို၍ရင်းနှီးနွေးထွေးသည်ဟုခံစားရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ပြိုင်ဘက်လူငယ်ကစားသမား Agilan Thani

ကမ္ဘာ့အဆင့်ဂျုဒိုကစားသမားအဖြစ် ဖြတ်သန်းခဲ့စဉ် Yoshihiro Akiyamaသည် ကိုယ်ခံပညာ အားကစားသမားတစ်ဦးအနေဖြင့် အခြားသောအားကစားနည်းလမ်းများမှ လုပ်ဆောင်ချက်များကို လေ့လာသုံးသပ်ခဲ့ပြီး ယှဉ်ပြိုင်ရာကြိုးဝိုင်းသည် ယှဉ်ပြိုင်နိုင်စွမ်းကဲ့သို့ပင် အရေးပါသောအ ချက်တစ်ချက်ဖြစ်သည်ကို နားလည်သဘောပေါက်ခဲ့ခြင်းကြောင့် ၎င်း၏နောက်ဆုံးကစားသမားဘဝစိန်ခေါ်မှုများ အား တူညီသောကျင့်ဝတ်ကိုကျင့်သုံးသည့် စင်မြင့်တွင်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

“ONE Championship ရဲ့ ရည်ရွယ်ချက်နဲ့ စိတ်ခံစားချက်တွေက ဘူဒို [ ကိုယ်ခံပညာရပ်တစ်မျိုး ] နဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော်ယူဆတယ်” ဟု Akiyama က ဆိုသည်။

“ကိုယ်ခံပညာရပ်ရဲ့ အခြေခံတွေကို တန်ဖိုးထားတဲ့အဖွဲ့အစည်းတစ်ရပ်လို့ ကျွန်တော်မြင်ပါတယ်။ ပြိုင်ဘက်ကို လေးစားသမှုထားဆက်ဆံတာမျိုးပေါ့။ ဒါတွေက ဂျုဒိုကနေ ကျွန်တော်သင်ယူခဲ့တာတွေပါပဲ။ ဒါကြောင့် ONE Championship နဲ့ ကျွန်တော့်ကြားမှာ တူညီတဲ့အချက်တွေအများကြီးရှိမယ်လို့ ကျွန်တော်မြင်ပါတယ်”


အသက် (၃) နှစ်အရွယ်တွင် ဂျူဒိူပညာရပ်ကို တစ်ဘဝလုံးလေ့လာလိုက်စားနေသော ဖခင်၏ခေါ်ဆောင်မှုကြောင့် Akiyama သည် ဒိုဂျို [ ဂျုဒိုအားကစား ရုံ] သို့ ရောက်ရှိခဲ့သည်။ ကြီးပြင်းလာသည်နှင့်အမျှ လေ့ကျင့်မှုများကို ပိုမိုပြင်းပြင်းထန်ထန်လုပ်ဆောင်လာခဲ့ပြီး မြက်ဖျာပေါ်တွင် ပို၍ ပျော်မွေ့လာခဲ့သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းစနစ်ပိုင်းဆိုင်ရာလေ့ကျင့်သင်ယူမှုများအပေါ် နှစ်ခြိုက်လာခဲ့သည်။ သို့သော် ဂျုဒိုမှသင်ကြားပေးခဲ့သော တန်ဖိုးများက အခြားသောအရာအားလုံးထက် ၎င်း၏ဘဝအပေါ် လွှမ်းမိုးထားခဲ့သည်။

“ သေချာတာက ကျွန်တော် ယှဉ်ပြိုင်ရတာကိုချစ်တယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဂျုဒိုကစားနည်းက အမှန်တကယ်ဆွဲဆောင်နိုင်ခဲ့တဲ့အချက်ကိုပြောရရင် ဘယ်အရာကိုလုပ်ရမယ် မလုပ်ရဘူးဆိုတဲ့ ယဉ်ကျေးတဲ့စည်းမျဉ်းပါပဲ” ဟု ၎င်းက ရှင်းပြခဲ့သည်။

“အဲဒီကနေ ကျွန်တော်အများကြီးသင်ယူခဲ့တယ်။ ဒါဟာ ဂျုဒိုရဲ့ဆွဲဆောင်မှုအကောင်းဆုံးမျက်နှာစာလို့ ကျွန်တော်မြင်မိပါတယ်”

ဂျုဒိုစည်းမျဉ်းများက ၎င်းဘဝအတွက် အကျိုးရှိစေခဲ့ပြီး ဆုတံဆိပ်များစွာရရှိစေခဲ့သည့်အပြင် ကမ္ဘာ့ထိပ်တန်းအားကစားသမားစာရင်းဝင်စေခဲ့သည်

Akiyama သည် နာမည်ကျော်ပြိုင်ပွဲဝင်အားကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဂျုဒိုစည်းမျဉ်းများက ၎င်းဘဝအတွက် အကျိုးရှိစေခဲ့ပြီး ဆုတံဆိပ်များစွာရရှိစေခဲ့သည့်အပြင် ကမ္ဘာ့ထိပ်တန်းအားကစားသမားစာရင်းဝင်စေခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် Akiyama သည် ကျော်ကြားလှသော Kodokan ဖလားပြိုင်ပွဲနှင့် အာရှ ဂျုဒိုချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။ ထို့နောက် တစ်နှစ်အကြာတွင် Jigoro Kano ဖလား၊ Tournoi De Parisနှင့် အာရှဂိမ်းပြိုင်ပွဲတို့တွင် ဆုတံဆိပ်များ ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် All-Japan ချန်ပီယံရှစ်ပြိုင်ပွဲ၌ အိုလံပစ်ရွှေတံဆိပ်ဆုရှင် Kenzo Nakamura အား အနိုင်ရရှိခဲ့ခြင်းကြောင့် ကမ္ဘာ့ ဂျုဒိုချန်ပီယံရှစ်ပြိုင်ပွဲဝင်မည့်ဂျပန်အသင်းတွင် ပါဝင်ခွင့်ရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် အဆင့် (၅) ရရှိခဲ့သည်။

“ ကျွန်တော် ဘယ်လောက်ကောင်းအောင်ကစားနိုင်မလဲဆိုတာ သိချင်တယ်။ ဒါကြောင့် ကျွန်တော် ဘယ်လောက်အထိလုပ်နိုင်မလဲဆိုပြီး ကိုယ့်ကိုကိုယ် စိန်ခေါ်ခဲ့တယ်” ဟု Akiyama က ပြန်ပြောပြခဲ့သည်။

“ ကျွန်တော် ဂျုဒိုမှာ အများကြီးအနိုင်ရပေမယ့် အဓိပ္ပာယ်အရှိဆုံးအောင်မြင်မှုကတော့ ကမ္ဘာ့ဂျုဒိုပြိုင်ပွဲက အနိုင်ပွဲတွေပါပဲ”

၂၀၀၄ ခုနှစ်တွင် Akiyama သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသို့ ပြောင်းရွှေ့ခဲ့သည်။ တစ်သက်တာလေ့လာဆည်းပူးခဲ့သော သိမ်မွေ့သည့်နည်းလမ်းမှတစ်ဆင့် တည်ဆောက်ခဲ့သည့် အားကစားစိတ်ဓာတ်နှင့် ကျွမ်းကျင်မှုတို့ကြောင့် မကြာမီမှာပင် K-1 HERO ဂရင်းပရီချန်ပီယံဖြစ်လာခဲ့သည်။

၎င်း၏ထိန်းချုပ်မှု၊ ကိုင်ပေါက်မှုနှင့် ချုပ်ကွက်စွမ်းရည်များသည် အောင်မြင်မှုအတွက် အခြေခံများဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ ယှဉ်ပြိုင်ချိန်တွင် Akiyama ၏တိုက်စစ်အတွက် အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

“ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားတစ်ဦးအတွက် ဂျုဒိုရဲ့အရေးပါမှုကိုကြည့်ချင်ရင် ကျွန်တော်ရဲ့တိုက်ခိုက်မှုစတိုင်လ်ကို ကြည့်ရပါလိမ့်မယ်” ဟု Akiyama က ဆိုသည်။

“ ပြိုင်ဘက်ကို လဲှသိပ်တာ၊ ကိုင်ပေါက်တာတွေက မရှိမဖြစ်လိုအပ်တဲ့နည်းစနစ်တွေပါပဲ။ ဒါကြောင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားတစ်ဦးအတွက် ဂျုဒိုက အရမ်းအရေးကြီးတယ်လို့ ကျွန်တော်မြင်ပါတယ်”

သို့သော် အသက် (၄၃) နှစ်ရှိသူ Akiyama သည် လုံးထွေးသတ်ပုတ်သည့် ကျွမ်းကျင်မှုတစ်ခုတည်းဖြင့် နိုင်ငံတကာတွင် ကျော်ကြားလာခဲ့သူတစ်ဦးမဟုတ်ပါ။ ၎င်း၏ ထိုးနှက်တိုက်ခိုက်နိုင်စွမ်းမှာလည်း ထက်မြက်ပြီး ရဲရင့်သော ချဉ်းကပ်ထိုးသတ်သည့်စတိုင်လ်ကြောင့် အမာခံပရိသတ်များရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လေးနှစ်နီးပါး ပြိုင်ပွဲနှင့်ဝေးကွာခဲ့သော Akiyama သည် နိုင်ငံတကာစင်မြင့်တွင် ၎င်း၏ကိုယ်ခံပညာစိတ်ဓာတ်ကိုပြသရန် အသင့်ရှိနေပြီဖြစ်သည်။ ပရိသတ်အသစ်များရှေ့မှောက်တွင် ယှဉ်ပြိုင်ရန်လည်း စိတ်အားထက်သန်နေသည်။ ၎င်း၏ ယှဉ်ပြိုင်ထိုးသတ်မှုကြောင့် နောက်မျိုးဆက်များ ဂျုဒိုကို လေ့ကျင့်လိုက်စားလာကြရန်လည်း ၎င်းက မျှော်လင့်နေသည်။ ၎င်းလျှောက်လှမ်းခဲ့သောလမ်းကြောင်းမှတစ်ဆင့် လူငယ်မျိုးဆက်များ ပေါ်ထွန်းစေချင်နေသည်။

“ကိုယ်ခံပညာဆိုတာ ပိုပြီးသန်စွမ်းလာတာဖြစ်တယ်။ အခြားလူတွေအပေါ် ပိုပြီးသိမ်မွေ့လာတာဖြစ်တယ်။ ဒါက ကျွန်တော်စည်းမျဉ်းပါ။ ဒီစည်းမျဉ်းက ကျွန်တော့်အတွက် အခုအရေးကြီးသလို နောင်လည်း ပြောင်းလဲသွားမှာမဟုတ်ပါဘူး” ဟု Akiyama က ဆိုခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top