အိမ်သန့်ရှင်းရေးလုပ်သူတွေက မလုပ်သူတွေထက် ပိုပြီးသာယာပျော်ရွှင်နေကြကြောင်း လေ့လာတွေ့ရှိ

cleaing-to-reduce-stress-featured.jpg

စိတ်ညစ်စရာတွေကြောင့် ခေါင်းရှပ်နေရပြီဆို အိမ်မှုဝေယျာဝစ္စတွေကိုသာ နိုင်သလောက်လေးထလုပ်လိုက်ပါတော့။

ကျွန်တော်တို့လူတော်တော်များများဟာ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ထုံးစံအတိုင်း အပြင်သွားပြီး မုန့်စားလိုက်၊ သူငယ်ချင်းတွေနဲ့တွေ့လိုက် ဒါမှမဟုတ်လည်း အားကစားတစ်ခုခုကို အပြင်းအထန်လုပ်ပြီး စိတ်ဖြေဖျောက်တတ်ကြပါတယ်။ တချို့တွေကျပြန်တော့လည်း နာရီအကြာကြီး အိပ်ပစ်လိုက်တာမျိုးလုပ်ပြီး ခေါင်းရှင်းတတ်ကြပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့တဲ့ လေ့လာချက်တစ်ခုမှာတော့ အိမ်သန့်ရှင်းရေးလုပ်ခြင်းဟာ သင့်ရဲ့စိတ်ခံစားချက်တွေ တစ်ဖန်ပြန်လည်ကောင်းမွန်လာစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တဲ့အပြင် သာယာပျော်ရွှင်တဲ့ဘဝတစ်ခုကိုပါပိုင်ဆိုင်လာနိုင်အောင် အထောက်အပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ရှိချက်ကို အတည်ပြုနိုင်ဖို့ရာ Mr.Clean ဆိုတဲ့ အိမ်သန့်ရှင်းရေးဝန်ဆောင်မှု ကုမ္ပဏီကဦးဆောင်ပြီး အသက် (၂၅) နှစ်မှ (၄၅) နှစ်ကြား အရွယ်ရောက်ပြီးသူ (၆၂) ဦးကို အိမ်သန့်ရှင်းရေးလုပ်ခိုင်းကာ သန့်ရှင်းရေးလုပ်နေစဉ်အတွင်း ၎င်းတို့ရဲ့ ခန္ဓာကိုယ်လည်ပတ်နေပုံ၊ နှလုံးခုန်နေပုံနဲ့ အသားအရေကျုံ့နှုန်း၊ ဆန့်နှုန်းတွေအထိ စစ်တမ်းကောက်ယူပြီး စမ်းသပ်ခဲ့ကြပါတယ်။

လေ့လာချက်မှာပါဝင်တဲ့သူတိုင်းရဲ့ ပြောကြားချက်အရ သန့်ရှင်းရေးလုပ်နေစဉ်အတွင်း ၎င်းတို့ရဲ့စိတ်တွေဟာ တည်ငြိမ်ကာ ငြိမ်းငြိမ်းချမ်းချမ်းရှိနေတယ်လို့ ဆိုပါတယ်။ နောက်ထပ် သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အလိုမကျဖြစ်နေတာတွေ၊ ရန်လိုနေတာတွေ၊ နာကျင်နေရတာတွေနဲ့ စိတ်ထဲမတင်မကျဖြစ်နေတာတွေက ယူပစ်သလိုပျောက်သွားပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလာမိတယ်လို့လည်း ဆိုပါတယ်။

၎င်းတို့အဖွဲ့ထဲကမှ (၈၁%) ဟာ သန့်ရှင်းရေးပြီးသွားတဲ့အခါ အလုပ်တစ်ခုပြီးမြောက်သွားပါလားဆိုပြီး ခံစားကြရပြီး (၆၆%) ကတော့ စိတ်လောနေတဲ့အတွက် မူလကရည်ရွယ်ထားတာထက်တောင် ပိုပြီးသန့်ရှင်းရေးလုပ်မိသွားသေးတယ်လို့ ဝန်ခံထားပါတယ်။

ဆက်လက်ပြီး Clorox ကထုတ်ပြန်ခဲ့တဲ့ (၂၀၀၈) ခုနှစ်စစ်တမ်းအရဆိုရင်လည်း အရွယ်ရောက်ပြီးတဲ့ အမေရိကန်လူဦးရေ (၂,၀၀၀) ကျော်လောက်ကို ကောက်ယူခဲ့တဲ့စစ်တမ်းအရ ၎င်းတို့ထဲက အိမ်သန့်ရှင်းရေးလုပ်တဲ့ လူ (၂၅%) နှုန်းက မလုပ်သူတွေထက်ပိုပြီး ပျော်ရွင်နေကြကြောင်းတွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့်မို့လို့ ပုံမှန်အိမ်သန့်ရှင်းရေးလုပ်ပေးခြင်းက အာရုံစူးစိုက်နိုင်မှု၊ စိတ်ဖိစီးမှု လျော့ကျစေမှုနဲ့ အိပ်ရေးဝဝအိပ်စက်လာနိုင်စေဖို့စတဲ့ ကျန်းမာရေးရှူထောင့်တွေအထိ အထောက်အကူပေးနိုင်တဲ့အရာဖြစ်ကြောင်းကို SP သတင်းဌာနရဲ့ ဆောင်းပါးတစ်ခုမှာပါ အတိအလင်းဖော်ပြထားပါသေးတယ်။

Ref : Elitereaders “Cleaning Your Home Can Greatly Reduce Your Stress Levels, Studies Say”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top