ကလေးဘဝမှာ ကွဲကွာသွားခဲ့တဲ့ ညီအစ်ကိုတွေ (၇၇) နှစ်အကြာမှာ ပထမဆုံးပြန်ဆုံကြတော့မယ်

2-9-2022-yyl-03.jpg

ဂျော့ဖ်ရဲ့အစ်ကိုဖြစ်သူ တက်စ်

၁၉၄၅ ခုနှစ်မှာ ညီအစ်ကို (၃) ယောက် သူတို့ရဲ့ညီအငယ်ဆုံးလေးနဲ့ ကွဲကွာသွားခဲ့တယ်။ အဲဒီကတည်းကဆိုရင် သူတို့ မတွေ့ဖြစ်ခဲ့ကြတာ နှစ်ပေါင်း ၇၀ ကျော်နေပါပြီ။

ကင်ဆာရောဂါနဲ့ သူတို့အမေ သေဆုံးသွားခဲ့ပြီးတဲ့နောက်မှာ ညီအစ်ကိုတွေဖြစ်တဲ့ ဂျွန်၊ တက်စ်၊ ဘာရီတို့ဟာ သူတို့ရဲ့ညီလေး ဂျော့ဖ်နဲ့ ကွဲကွာသွားခဲ့ရတာပါ။ အဲဒီအချိန်တုန်းက ဂျော့ဖ်က အသက် (၁) နှစ်အရွယ်လေးပါ။ သူတို့အဖေက ဂျော့ဖ်ကို မွေးထားဖို့ မဖြစ်နိုင်တာကြောင့် ဒီထက်ပိုကောင်းတဲ့ဘဝကို ရဖို့ အခြားသူကို ပေးပစ်ခဲ့ပါတယ်။

ဂျော့ဖ်က အင်္ဂလန်နိုင်ငံ၊ နော့သင်တမ်မြို့မှာ သူ့ရဲ့မွေးစားမိဘတွေနဲ့ နေထိုင်ခဲ့ပါတယ်။ ၁၉၅၁ ခုနှစ် သူ့အသက် (၇) နှစ်မှာ သူ့ရဲ့မွေးစားမိဘတွေနဲ့ ဩစတြေးလျကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီကတည်းက ဩစတြေးလျမှာ နေလာခဲ့တာပါ။ အခုဆို ဂျော့ဖ်က အသက် ၇၉ နှစ်၊ ကလေး (၈) ယောက်နဲ့ မြေးတွေရှိနေပါပြီ။

ဂျွန်၊ တက်စ်၊ ဘာရီတို့က သူ့ရဲ့ညီလေးကို နှစ်တော်တော်ကြာ ရှာနေပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အကြီးဆုံးအစ်ကို ဂျွန် သေဆုံးပြီး (၄) နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ ဂျော့ဖ်က ဘာရီကို ရှာတွေ့သွားခဲ့ပြီး စာတစ်စောင်ပေးပို့ခဲ့ပါတယ်။ သူတို့တွေ Skype ကနေ စကားတွေပြောကြတယ်။ ဖုန်းတွေပြောကြတယ်။ အပြင်မှာ မတွေ့ကြပေမဲ့ အချင်းချင်းသိခွင့်ရလာခဲ့ပါတယ်။

ညီအစ်ကို (၄) ယောက်ရဲ့ ငယ်ဘဝဓာတ်ပုံ
(ဘာရီ၊ ဂျွန်၊ ဂျော့ဖ်၊ တက်စ်)

ဂျော့ဖ်က သူတို့ကို အရင်ဆုံးဆက်သွယ်လာခဲ့တဲ့အချိန်မှာ ဘာရီတို့ လုံးဝကို တုန်လှုပ်သွားခဲ့ရတယ်။ အဲဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့မိလို့ပါပဲ။ ဂျော့ဖ်ကလည်း သူ့အစ်ကိုတွေကို အရင်ကတည်းက ရှာနေခဲ့တာပါ။ နောက်ဆုံးမှာ ဆစ်ဒနီက အေးဂျင့်တစ်ဦးရဲ့အကူအညီနဲ့ ရှာတွေ့သွားခဲ့တာပါ။ တစ်နေ့မှာ အဲဒီ အေးဂျင့်ဆီကနေ ဖုန်းဝင်လာခဲ့တယ်။ “မင်းရဲ့အစ်ကိုတွေကို တွေ့ပြီ”တဲ့။

အခုတော့ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ အသက် (၈၃) နှစ်အရွယ် တက်စ်က ဂျော့ဖ်နဲ့ ဒီအပတ်တနင်္ဂနွေနေ့မှာ တွေ့ဆုံကြတော့မှာပါ။ တက်စ်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ ဂျော့ဖ်က အင်္ဂလန်ကို လာဖို့ စီစဉ်ထားခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် ဒီအစီအစဉ်ပျက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ တက်စ်က သူ့ဇနီးနဲ့သားဖြစ်သူတို့ရဲ့အကူအညီကြောင့် ဂျော့ဖ်ရဲ့မွေးနေ့ဆုတောင်းဗီဒီယိုကို မြင်ခွင့်ရခဲ့ပါတယ်။

တက်စ်က ညီဖြစ်သူ ဂျော့ဖ်ကို သွားတွေ့မှာပါ။ အသက် ၈၁ နှစ်အရွယ် ဘာရီက ကျန်းမာရေးမကောင်းတဲ့အတွက် လေယာဉ်စီးဖို့ မဖြစ်နိုင်တာကြောင့် ညီဖြစ်သူဆီ သွားလည်ဖို့ မလိုက်နိုင်ပါဘူး။ ညီဖြစ်သူကို တက်စ် သွားတွေ့မှာ ဘာရီ အားကျမိပေမဲ့ သူတို့အတွက် အရမ်းဝမ်းသာနေပါတယ်။ ဂျော့ဖ်ကလည်း သူ့အစ်ကိုဖြစ်သူနဲ့ တွေ့ပြီး ပွေ့ဖက်ချင်နေပါပြီ။

Ref: TheMirror “Long-lost brothers separated as kids in 1945 will be reunited for first time after 77 years”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top