ဦးနှောက်အကြိတ်ကင်ဆာခံစားနေရတဲ့ The Wanted ဂီတအဖွဲ့ရဲ့ တွမ် ပတ်ခ်ကာ

13-10-2020-yyl-005.jpg

ယောက်ျားလေး (၄) ဦးနဲ့ ဖွဲ့စည်းထားတဲ့ The Wanted ဂီတအဖွဲ့ရဲ့ အသက် (၃၂) နှစ်အရွယ် အဆိုတော် တွမ်ပတ်ခ်ကာဟာ အဆင့် (၄) ဦးနှောက်အကြိတ်ကင်ဆာရောဂါကို ခံစားနေရပါတယ်။ ဆရာဝန်တွေကတော့ သူ့ရဲ့ဦးနှောက်က အကြိတ်ကို ခွဲစိပ်ကုသလို့မရဘူးလို့ ဆိုပါတယ်။ တွမ်ပတ်ခ်ကာက သူ့မှာ ဦးနှောက်အကြိတ်ကင်ဆာရှိနေတယ်ဆိုတာကို ကြားသိခဲ့ရပြီးတဲ့နောက်မှာ မယုံနိုင်လောက်အောင် ထိတ်လန့်ခဲ့ရပါတယ်။ လက်ရှိမှာတော့ တွမ်ဟာ ဓာတုကုထုံးနဲ့ရော၊ ရေဒီယိုကုထုံးနဲ့ပါ ရောဂါကုသမှုခံယူနေရပါတယ်။

တွမ်က ဇူလိုင်လမှာ လက်တွေ၊ ခြေထောက်တွေ အကြောဆွဲသလိုဖြစ်ပြီး သတိမေ့မြောသွားခဲ့ပြီး ကပ်ရောဂါအတွင်းမှာ MRI Scan ဖတ်ဖို့အတွက် စောင့်ဆိုင်းစာရင်းမှာ ပါဝင်ခဲ့ရပါတယ်။ (၆) ပတ်အကြာမှာ နောက်ထပ် အကြောဆွဲသလိုဖြစ်ပြီး သတိမေ့မြောသွားခဲ့လို့ ဆေးရုံတင်ခဲ့ရပါတယ်။ COVID-19 ရောဂါဖြစ်ပွားနေတဲ့အတွက် တွမ် အကြိတ်ကင်ဆာရှိနေတယ်လို့ ဆရာဝန်တွေ ပြောခဲ့တဲ့အချိန်မှာ တွမ်ရဲ့ဇနီး ကဲလ်ဆေးက သူနဲ့အတူ ရှိမနေခဲ့ရပါဘူး။

တွမ်မှာ ဦးနှောက်အကြိတ်ကင်ဆာရှိနေတယ်ဆိုတဲ့ စိတ်မကောင်းစရာသတင်းကို သူနဲ့သူ့ဇနီးတို့ဟာ အင်စတာဂရမ်ကနေ အသိပေးခဲ့တာပါ။ သူတို့ လူမှုကွန်ယက်ကနေ တိတ်တဆိတ်နေခဲ့တာ ရက်သတ္တပတ်ရှိနေတာကို ပရိသတ်တွေသိကြမှာဖြစ်ပြီး ဘာလို့လဲဆိုတာကို ပြောဖို့ အချိန်ကျပြီးဖြစ်လို့ ပြောပြတာဖြစ်တယ်လို့ ဆိုပါတယ်။ တွမ်မှာ ဦးနှောက်အကြိတ်ကင်ဆာရှိတယ်ဆိုတာကို လျှို့ဝှက်ထားတာထက် အသေးစိတ်ကို သူတို့ကိုယ်တိုင် လူတိုင်းကို ထုတ်ပြောပြတာအကောင်းဆုံးထင်တဲ့အတွက် ပြောပြခဲ့တာပါ။ နည်းမျိုးစုံနဲ့ ကင်ဆာရောဂါကို သူတို့တွန်းလှန်နေကြပါတယ်။ ပရိသတ်တွေကို ဝမ်းနည်းစေချင်တဲ့အတွက် ထုတ်ပြောပြခဲ့တာမဟုတ်ဘဲ ဒီကြောက်စရာကောင်းတဲ့ရောဂါနဲ့ပတ်သက်ပြီး သိမြင်မှုတွေတိုးပွားလာစေဖို့အတွက်တွမ်နဲ့သူ့ဇနီးက ရည်ရွယ်ခဲ့တာပါ။

လူတိုင်းရဲ့ချစ်ခြင်းမေတ္တာ၊ အားပေးပံ့ပိုးမှုတွေနဲ့ သူတို့တွေ ဒီခက်ခဲတဲ့စစ်မြေပြင်ကို ကျော်ဖြတ်တွန်းလှန်သွားမယ်လို့ ဆိုပါတယ်။ တွမ် ဘယ်လောက်ကြာ အသက်ရှင်နေထိုင်ရမှာလဲမေးမြန်းကြတော့ တွမ်ရဲ့ဇနီးက သူတို့ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆရာဝန်တွေကို မမေးခဲ့ပါဘူး။ တွမ်ကို ဒါနဲ့ပတ်သက်ပြီး မသိစေချင်ဘူး။ တွမ် ထိုင်နေပြီး သူ သေဆုံးမယ့်ရက်တွေကို လက်ချိုးရေးပြီး နေထိုင်သွားမှာမျိုးကို မလိုချင်တာကြောင့်လို့ ဆိုပါတယ်။ သူ့ဇနီး ဆေးရုံကို မသွားနိုင်ခင်က တွမ်က သူ့အစ်ကိုနဲ့အတူတူသွားပါတယ်။ သူ့အစ်ကို့ကို လည်း တွစ်ကို ဒါနဲ့ပတ်သက်ပြီး သိခွင့်မပေးနဲ့လို့ကဲလ်ဆေးက ပြောထားပါတယ်။

အဆိုတော် တွမ်ပတ်ခ်ကာနဲ့သူ့ဇနီးကဲလ်ဆေးတို့မှာ (၁) နှစ် (၄) လအရွယ် သမီးလေးရှိပြီး ဒုတိယကလေးယူဖို့လည်း စီစဉ်ထားခဲ့တာဖြစ်ပါတယ်။

Ref: AsiaOne “The Wanted singer Tom Parker, 32, diagnosed with terminal brain tumour”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top