ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိပြီး ၂ ပတ်မပြည့်ခင် မဲဆွယ်စည်းရုံးရေးလုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်

13-10-2020-yyl-001.jpg

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ၂ ပတ်မပြည့်ခင်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးရေး ပြန်လုပ်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်၊ ဆန်းဖို့ဒ်မြို့မှာ ကျင်းပခဲ့တဲ့ စုဝေးပွဲမှာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။ စုဝေးပွဲကို တက်ရောက်လာသူ တော်တော်များများကလည်း နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိပါဘူး။ ဒီမိုကရက်တစ်ပါတီဝင်တွေက ကာလရှည်ပိတ်ဆို့မှုတွေလုပ်ဖို့ စီစဉ်နေတဲ့အပေါ် ဒေါ်နယ်ထရမ့်က ရှုတ်ချခဲ့ပြီး ဂျိုးဘိုင်ဒင်ရဲ့ ချင့်ချိန်သုံးသပ်နိုင်စွမ်းကို မေးခွန်းထုတ်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ်တွေမှာ လာမယ့် ၄ ရက်အတွင်း မဲဆွယ်စည်းရုံးပွဲ ၄ ခုလုပ်ဖို့ စီစဉ်ထားတဲ့အနက် ဖလော်ရီဒါပြည်နယ် မဲဆွယ်စည်းရုံးပွဲကတော့ ပထမဆုံး ဖြစ်ပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၃ ပတ်ပဲ လိုတော့တဲ့အချိန်မှာ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒင်တို့က မဲရရှိဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကလည်း Swing State ( ထောက်ခံမှုမတိမ်းမယိမ်းပြည်နယ်) ဖြစ်တဲ့ အိုဟိုင်းအိုးပြည်နယ်မှာ နိုင်ငံရေးဟောပြောပွဲ လုပ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာ သဘောထားအမြင် ကောက်ခံမှုအရ ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ကို ၁၀ မှတ် အသာရနေပါတယ်။ ဒါပေမဲ့ အဓိကကျတဲ့ ပြည်နယ်တချို့မှာ (ဖလော်ရီဒါပြည်နယ်မှာ ၃.၇ မှတ်ပဲ အသာရ) ဂျိုးဘိုင်ဒင်ရဲ့ အသာရမှု ကျဉ်းမြောင်းနေပါတယ်။ အမေရိကန်သမ္မတအဖြစ် တင်မြှောက်ခံရဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ရရှိဖို့အတွက် ဖလော်ရီဒါပြည်နယ်လို အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပြည်နယ်တွေက အရေးကြီးပါတယ်။

ဒေါ်နယ်ထရမ့်ဟာ လွန်ခဲ့တဲ့ ၁၁ ရက်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နောက်တစ်ရက်အကြာမှာပဲ ဝေါ်တာရိဒ်စစ်ဆေးရုံမှာ ကုသမှုခံယူခဲ့ရပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရမ့်က တခြားသူတွေကို ရောဂါကူးစက်စေနိုင်ခြေ မရှိတော့ဘူးလို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ သမ္မတသမားတော် ရှောင်ကွန်လေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ဆေးမှုတွေမှာ ရောဂါပိုးမရှိ (Negative) အဖြေထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ဆေးခဲ့တဲ့ရက်တွေကိုတော့ အတိအကျ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

Ref: BBC ” US election 2020: Trump back on campaign trail in Florida”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top