ရုံတင်ပြသဖို့ စီစဉ်ထားတဲ့ ဘောလိဝုဒ်ဇာတ်ကား (၇) ကားကို Disney + Hotstar Streaming Platform ကနေ ပြသမယ်

1-7-2020-yyl-007.jpg

Walt Disney ကုမ္ပဏီရဲ့ Streaming Service ဖြစ်တဲ့ Disney+Hotstar ဟာ အခုနှစ်ထဲ ရုံတင်ပြသဖို့ စီစဉ်ထားခဲ့တဲ့ ဘောလိဝုဒ်ဇာတ်ကား (၇) ကားကို ပြသဖို့ စီစဉ်နေပါတယ်။ Disney+Hotstar က Netflix၊ Amazon Prime Video တို့နဲ့အပြိုင် အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံး Streaming platform တစ်ခုဖြစ်ပါတယ်။ Netflix နဲ့ Prime တို့က ရုံတင်ကားတွေကို ပြသဖို့စီစဉ်ထားပြီးတဲ့နောက်မှာ Disney+Hotstar က ဒီကြေညာချက်ထွက်ရှိလာခဲ့ပြီး ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားလိုက်ရတာကြောင့် ဒစ်ဂျစ်တယ်နည်းနဲ့ ပြသဖို့ PVR နဲ့ Inox Leisure လို ရုပ်ရှင်ရုံတွေနဲ့ သဘောတူခဲ့တာပါ။

“ဒါက ကျွန်တော်တို့ အချိန်အကြာကြီး စဉ်းစားနေခဲ့တဲ့အရာပါပဲ။ ရုံတင်ပြသဖို့ အဆင်သင့်ဖြစ်နေတဲ့ ရုပ်ရှင်ကားတွေက ဘယ်အချိန်ရုံတင်ရမှန်းမသိရသေးတဲ့အတွက် ကပ်ရောဂါက ဒီအခွင့်အရေးကို လက်စုပ်လက်ကိုင်ပြနိုင်အောင် တွန်းအားပေးခဲ့ပါတယ်”လို့ အိန္ဒိယနိုင်ငံက Disney+Hotstar ကို ဦးဆောင်နေသူ အက်ဒေး ရှန်ကာက ပြောပါတယ်။ အိန္ဒိယနိုင်ငံက နှစ်လကျော်ကျော် Lockdown ချပြီးတဲ့နောက်မှာ တင်းကျပ်မှုတွေကို ဖြေလျော့ပေးလိုက်ပါပြီ။ ဒါပေမဲ့ ဈေးဝယ်စင်တာနဲ့ ရုပ်ရှင်ရုံတွေကိုတော့ ပိတ်ထားဆဲဖြစ်ပါတယ်။

Amazon နဲ့ Netflix တို့လို Streaming Platform တွေဟာ အရင်တုန်းက ဒစ်ဂျစ်တယ်အခွင့်အရေးအတွက် အိန္ဒိယစတူဒီယိုတွေနဲ့ သဘောတူစာချုပ်ချုပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အရင်က ရုံတင်ဝင်ငွေကို ဦးစားပေးခဲ့တာပါ။ ရုပ်ရှင်ကားတွေကို ရုံမတင်ခင် ဒစ်ဂျစ်တယ်နည်းနဲ့ ထုတ်လွှင့်ပြသဖို့ဆိုတာ အမြဲ ဖြစ်နိုင်ချေပဲရှိခဲ့တာပါ။ Lockdown က ဒစ်ဂျစ်တယ်နည်းနဲ့ ရုပ်ရှင်ကား ထုတ်လွှင့်ပြသမယ့်စိတ်ကူးကို ခိုင်မာသွားစေခဲ့တယ်လို့ ရှန်ကာကပြောပါတယ်။

Hotstar Streaming Platform ဟာ ပြီးခဲ့တဲ့နှစ်က လစဉ် အသုံးပြုသူ သန်း (၃၀၀) ရှိခဲ့တယ်လို့ သိရပါတယ်။ အများစုက အလကားကြည့်ရှုရတဲ့ ဝန်ဆောင်မှုကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမဲ့ Disney က အသုံးပြုသူတော်တော်များများကို ပိုက်ဆံပေးရတဲ့ Subscriber တွေအဖြစ် ပြောင်းလဲပစ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ Disney က Hostar အတွက် ၂၀၁၉ခုနှစ်က Twenty-First Century Fox ရဲ့ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေကို ဒေါ်လာ (၇၁) ဘီလျံဖိုးဝယ်ယူခဲ့ရပါတယ်။ ဧပြီလမှာ Disney က Hotstar ကို Disney+Hotstar အဖြစ် နာမည်ပြောင်းလဲပစ်ခဲ့ပါတယ်။

အခုနှစ် ဇူလိုင် ၂၄ ရက်နေ့မှာ Disney+ Hotstar ကနေ စတင်ပြသမယ့်ဇာတ်ကားကတော့ ဟောလိဝုဒ်ဇာတ်ကား The Fault in Our Starsကို ပြန်လည်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဇွန်လ ၁၄ ရက်နေ့က သေဆုံးခဲ့တဲ့ Sushant Singh Rajput က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: Disney+ Hotstar to premiere Bollywood films bypassing theatres

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top