ယေရှုကို လိင်တူစိတ်ဝင်စားသူလို သရုပ်ဖော်ထားတဲ့ ဇာတ်ကားကို ဘရာဇီးအထက်တရားရုံးချုပ်က ဆက်လက်ပြသခွင့် ပြု

yyl-020-3.jpg

ယေရှုခရစ်ကို လိင်တူစိတ်ဝင်စားသူလို သရုပ်ဖော်ထားတဲ့ ဇာတ်ကားကို Netflix ရုပ်ရှင်ကုမ္ပဏီက ဖယ်ရှားပေးရမယ်ဆိုတဲ့ အမိန့်ချမှတ်မှုကို ဘရာဇီးနိုင်ငံ အထက်တရားရုံးချုပ်က ပယ်ဖျက်ပေးခဲ့ပါတယ်။ The First Temptation of Christ ရုပ်ရှင်ကားဟာ ဘရာဇီးနိုင်ငံမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ အဲဒီရုပ်ရှင်ကားကို ဖယ်ရှားပေးဖို့ တောင်းဆိုမှုမှာ လက်မှတ်ရေးထိုးပါဝင်သူ ၂ သန်းရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ ရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီကိုလည်း မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဝေဖန်မှုတွေကို လျော့နည်းသွားစေဖို့ ရည်ရွယ်ပြီး ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရားသူကြီးတစ်ဦးက အဲဒီရုပ်ရှင်ကို ယာယီပိတ်ပင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာပဲ ဘရာဇီးနိုင်ငံ အထက်တရားရုံးချုပ် တရားသူကြီး တော့ဖိုလီက Netflix ကုမ္ပဏီကို အဲဒီဇာတ်ကား ဆက်လက်ထုတ်လွှင့်ပြသခွင့် ပြုသင့်တယ်လို့ ပြောပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ဒီမိုကရေစီရဲ့ အခြေခံမဏ္ဍိုင်တစ်ရပ်ဖြစ်တယ်လို့ တော့ဖိုလီက ဆိုပါတယ်။

“သရော်တဲ့ဇာတ်ကားက ဘရာဇီးနိုင်ငံသားတွေရဲ့ ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်မှုကို ထိခိုက် စေမှာမဟုတ်ပါဘူး’’လို့ တော့ဖိုလီက ပြောပါတယ်။ ဘရာဇီးနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားပြီး YouTube ပေါ်မှာ ဟာသဗီဒီယိုတွေ တင်နေတဲ့ Porta dos Fundos အဖွဲ့က ဒီဇာတ်ကားကို ဖန်တီးခဲ့တာဖြစ်ပြီး ခရစ္စမတ်ကာလ အထူးအစီအစဉ်အနေနဲ့ Netflix ကုမ္ပဏီက ပြသခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ယေရှုခရစ်က သူ့မိသားစုနဲ့ တွေ့ပေးဖို့ အမျိုးသားချစ်သူလို့ ထင်မြင်ရသူတစ်ယောက်ကို အိမ်ခေါ်လာတဲ့ပုံစံ ရိုက်ကူးထားပါတယ်။ ပြီးခဲ့တဲ့လက ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူတစ်ယောက်ကတော့ ရုရှားနိုင်ငံကို ထွက်ပြေးသွားပြီး သူ့ကို ဖမ်းဆီးနိုင်ဖို့ နိုင်ငံတကာရဲတပ်ဖွဲ့(Interpol)က လုပ်ဆောင်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top