ဂျနီဖာလိုပက်ဇ် ပြောပြတဲ့ ရိုးစင်းတဲ့ အလှအပရေးရာ လျှို့ဝှက်ချက်များ

caa566ac-4537-45ad-9960-2d5d254be801-lopez.jpg

ကမ္ဘာမှာ ထင်ရှားကျော်ကြားတဲ့ သရုပ်ဆောင်၊ အဆိုတော် ဂျနီဖာလိုပက်ဇ် သို့မဟုတ် J.Lo ကို သူမရဲ့ လှပချောမွေ့တဲ့ ပြစ်မျိုးမှဲ့မထင် အသားအရေကြောင့်လည်း လူအများက နှစ်သက်ကြပါတယ်။ အခု သူက အသက် ၄၈နှစ် ရှိနေပြီး အလှကုန် အမှတ်တံဆိပ်တစ်ခုကိုလည်း မကြာခင်မှာ ဈေးကွက်ထဲကို ဖြန့်ဖြူး ရောင်းချတော့မှာပါ။

သူမပြောကြားခဲ့တဲ့ ရိုးစင်းလွယ်ကူလှတဲ့ အလှအပဆိုင်ရာ နေ့စဉ်ဆောင်ရွက်ချက် အနည်းငယ်ကို သူမလို အသားအရေ လှပချင်သူတွေ လိုက်နာဆောင်ရွက်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အိပ်ရေးဝဝအိပ်ပါ

“နံပါတ်တစ်အချက်ကတော့ အမြဲတမ်း အိပ်ရေးဝဝ အိပ်ဖို့ပါပဲ။ အိပ်ရေးဝနေရင် ဘာစိတ်ဖိစီးမှုမှလဲ မရနိုင်ပါဘူး။ ကျွန်မက တစ်ရက်ကို ၉နာရီ ၁ဝနာရီလောက် အိပ်တာကို သဘောကျပါတယ်။ ဒါပေမဲ့ အဲလိုမှ မဟုတ်ဘူးဆိုရင်လည်း အနည်းဆုံးတော့ အမြဲတမ်း ၈နာရီလောက် ရအောင် အိပ်ပေးပါတယ်။ အလှအပဆိုတာ ကိုယ်တွင်းစိတ်တွင်းကနေ လာတယ်လို့လည်း ကျွန်မ ထင်တယ်။ ကျွန်မတို့ရဲ့ စိတ်၊ ခန္ဓာကိုယ်၊ စိတ်ဓာတ် ဒါတွေဟာ တပြိုင်တည်း လှုပ်ရှားရပါတယ်။ ပြီးတော့ တရားရှုမှတ်တာကို အခိုင်အမာယုံကြည်ပါတယ်။ ကိုယ့်ရဲ့စိတ်ဟာ ပျော်ရွှင်နေမယ်၊ ကြည်နူး သာယာနေမယ်ဆိုရင် အပြင်ဘက် အလှအပဟာလည်း ရောင်စဉ်ဖြာထွက်နေမှာပါ” လို့ သူမက ဆိုပါတယ်။

ကောင်းကောင်းမွန်မွန် ဆက်ဆံဂရုစိုက်သင့်တယ်

“အသက် ၂၅-၃ဝလောက်အထိ ဘုရားပေးတဲ့ မျက်နှာကို သင်ပိုင်ဆိုင်ရပါတယ်။ ၃ဝကျော်ရင်တော့ ကိုယ်နဲ့ထိုက်တန်တဲ့ မျက်နှာကို သင်ရရှိမှာပါ ဆိုတဲ့ ဆိုရိုးလေး ကျွန်မကြားဖူးပါတယ်။ ဒါကြောင့်မို့ ကျွန်မဟာ ကျွန်မရဲ့ အသားအရေကို ကောင်းကောင်း ဂရုစိုက်ပါတယ်” လို့ ဆိုပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

“ကျွန်မ ငယ်ငယ်တုန်းက လုံးဝ နေပူထဲ မထွက်ခဲ့ဘူး။ အရက် သိပ်မသောက်ခဲ့ဘူး။ ဆေးလိပ်လည်း မသောက်ခဲ့ဘူး။ ဒါပေမဲ့ ကြိုက်တော့ ကြိုက်ပါတယ်”

ပိုရိုးစင်းလေ ပိုကောင်းလေ

“ကျွန်မက အခြေခံကျတဲ့ အချက်တွေကို ယုံကြည်တယ်။ နည်းလေ ပိုကောင်းလေပဲ။ ကျွန်မရဲ့ အရေပြား အထူးကု ဆရာဝန်ဆီကနေ ဘယ် cleanser အသုံးပြုသင့်လဲဆိုတာ ကျွန်မ အကြံဥာဏ် တောင်းတယ်။ ကျွန်မတို့က နှစ်ပေါင်းများစွာ မိတ်ကပ်အမျိုးမျိုးကို လိမ်းခဲ့တော့ တကယ်ကောင်းတဲ့ Cleanser သုံးဖို့ လိုအပ်တယ်လေ။ ဓာတုပစ္စည်း သိပ်မပါတဲ့ ခပ်ပျော့ပျော့ မိတ်ကပ်ဖျက်ဆေးနဲ့ Sunscreen ပါတဲ့ moisturizer ကို သုံးတယ်။ ပြီးတော့ များများအိပ်တယ်။ ဒီလောက်ပါပဲ။”

နေရောင်နဲ့ဝေးဝေးနေ

“နောက်တစ်ချက်ကတော့ နေရောင်ထိတွေ့မှုနဲ့ ဝေးဝေးနေဖို့ပါပဲ။ နေပူစာခံထားတဲ့ အသားအရေမျိုးကို လိုချင်ရင်တော့ ကျွန်မက bronzer တို့၊ self-tanner တို့ကို သုံးပြီးတော့ပဲ အဲဒီလို အသားအရေမျိုးဖြစ်အောင် ဖန်တီးပါတယ်။ ဒီလို နေရောင်နဲ့ မကြာခဏ မထိတွေ့ဘဲနေတာကြောင့်လည်း ကျွန်မရဲ့ အသားအရေဟာ ပျက်စီးမှုမရှိဘဲ စိုပြေလှပနေတာပါ ” လို့ J.Lo က သူမရဲ့အလှအပကို ဂရုစိုက်ထိန်းသိမ်းပုံ အချို့ကို ဖြေကြားခဲ့ပါတယ်။

Ref : Beauty: 5 (Kind of) Easy Beauty Tips From Jennifer Lopez

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top