သူစိမ်းစုံတွဲကို စေ့စပ်လက်စွပ်ဝယ်ပေးဖူးခဲ့တဲ့ Paul Walker

do-you-know-in-2004-paul-walker-secretly-purchased-a-20412467.png

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ဝရက်နေ့က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်၊ ဗလင်စီယာမြို့(Valencia) မှာ ကွယ်လွန်သွားခဲ့တဲ့ ပေါလ်ဝေါ်ကာ ကိုတော့လူတိုင်းသိကြမှာပါ။

ပေါလ်ဟာ သရုပ်ဆောင်ကောင်းတစ်ယောက်သာမကပဲ အပြင်မှာလည်း ကြင်နာတတ်တဲ့ နှလုံးသားရှိသူ လူသားတစ်ယောက်ဆိုတာကို ၂၀၀၄ခုနှစ်က သူ့ရဲ့ ပေးကမ်းစွန့်ကြဲတတ်တဲ့ လုပ်ရပ်လေးက သက်သေပြနေပါတယ်။

၂၀၀၄ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်တာဘာဘာရာ ကျောက်မျက်ရတနာဆိုင် (Santa Barbara jewellery store) မှာ အမေရိကန်စစ်သားတစ်ဦးဖြစ်တဲ့ ကိုင်းလ်အပ်ဟန်း(Kyle Upham) နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ခရစ္စတန်တို့ဟာ စေ့စပ်လက်စွပ် ဝယ်ယူရန်လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ဆိုင်ထဲမှာ နောက်ထပ်ရှိနေတဲ့ဈေးဝယ်သူတစ်ယောက်ကတော့ Fast And  The Furious ဇာတ်လမ်းသရုပ်ဆောင် ပေါလ်ဝေါ်ကာ ပါ။ ပေါ်လ်ဝေါ်ကာကို ကိုင်းလ်က သွားရောက် မိတ်ဆက်ခဲ့ပါသေးတယ်။ သူတို့ဇနီးမောင်နှံ ၂ဦးဟာ စေ့စပ်လက်စွပ်ကိုတွေ့ခဲ့ပေမဲ့ ဈေးနှုန်းက ဒေါ်လာ ၉၀၀၀(မြန်မာငွေ သိန်း ၁၂၀ ခန့်) ဖြစ်နေတဲ့အတွက် မဝယ်ယူဘဲ ရတနာဆိုင်မှ  ထွက်ခွာသွားခဲ့ကြပါတယ်။ ခဏအကြာမှာပဲ ဆိုင်မှ အရောင်းဝန်ထမ်းက သူတို့ကို ရတနာဆိုင်သို့ခေါ်ပြီး စိန်လက်စွပ်ကို ဆိုင်မှ ကြင်စဦး ဇနီးမောင်နှံအတွက်  လက်ဆောင်ပေးကြောင်းပြောဆိုခဲ့ပါတယ်။

ဆန်တာဘာဘာရာ ကျောက်မျက်ရတနာဆိုင်မှလည်း ဝေါ်ကာရဲ့ တောင်းဆိုချက်အရ ဒီစိန်လက်စွပ်ကို သူဝယ်ပေးခဲ့ကြောင်း ကိုင်းလ်တို့ ဇနီးမောင်နှံကို  အသိမပေးခဲ့ပေမဲ့ ပေါလ်ဝေါ်ကာ ကားတိမ်းမှောက်ခြင်းကြောင့် သေဆုံးမှုအပြီးမှာ ပေါလ်ရဲ့ကြင်နာတတ်တဲ့စရိုက်ကို လူတွေသိစေဖို့အတွက် ဇနီးမောင်နှံကို ထုတ်ပြောခဲ့ပါတယ်။ ဇနီးဖြစ်သူ ခရစ္စတန်ကတော့ “ ပေါလ်ရဲ့ ကြင်နာမှုကတော့ ကျွန်မအတွက်တစ်သက်မမေ့စရာပါပဲ။ သူ့ရဲ့ အပြင်ဘဝနေထိုင်ပုံဟာ သူ့ရဲ့  စိတ်ရင်းကို ပြသနေပါတယ်။ ပေါလ်ဟာ လောကကြီးအတွက် ကောင်းကျိုးကို တတ်နိုင်သလောက် လုပ်ကိုင်ခဲ့သူတစ်ယောက်ပါ ” လို့ သတိတရပြောဆိုခဲ့ပါတယ်။

ပေါလ်ဝေါ်ကာလ်ဟာ အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အပြင် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီပေးတဲ့ Reach Out Worldwide  (ROWW) ပရဟိတအဖွဲ့ကိုလည်း တည်ထောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ပေါလ်ဝေါ်ကာဟာ ပြင်ပမှာလည်း သူရဲ့ ပရဟိတအလုပ်များကြောင့် ချီးမွမ်းခံရတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ၂၀၁၃ခုနှစ်မှာတော့ ပေါလ်ဝေါ်ကာနဲ့ သူငယ်ချင်းဖြစ်သူ ရော်ဂျာရိုဒတ်စ် (Roger Rodas) တို့ဟာ တိုင်ဖွန်းမုန်တိုင်း Haiyan (Yolanda) ကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ Reach Out Worldwide ပရဟိတပွဲစဉ်တစ်ခုမှ အပြန် ကားကို ရိုဒတ်စ် မောင်းနေစဉ် လမ်းဘေးဓာတ်တိုင်တစ်ခုကို ၂ ယောက်စလုံး တိုက်မိကာ ကွယ်လွန်ခဲ့ပါတယ်။

Ref : Daily Mail News : Paul Walker secretly bought Iraq war veteran $9,000 engagement ring for his new wife after overhearing the couple say it was too expensive

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top