ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းခံခဲ့ရတဲ့ မြေဧက ၂ သန်းကျော်ရှိ

8-9-2020-yyl-028.jpg

ဒီနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းခဲ့တဲ့ မြေနေရာအကျယ်အဝန်းက ဧက ၂ သန်းရှိပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ အဲဒီအကျယ်အဝန်းဟာ အမေရိကန်နိုင်ငံ ဒယ်လာဝဲပြည်နယ်ထက် ပိုကြီးမားပါတယ်။ လက်ရှိအချိန်အထိလည်း ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်းမှာ လောင်ကျွမ်းနေတဲ့ တောမီး ၂၄ ခုကို မီးသတ်သမား ၁၄၀၀၀ ကျော်က ငြှိမ်းသတ်နေရတုန်းပဲလို့ ကယ်လီဖိုးနီးယားပြည်နယ် သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာန (Cal Fire)က ထုတ်ပြန်ထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ စံချိန်တင်အပူလှိုင်းဖြတ်မှု ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က လော့စ်အိန်ဂျိလိစ်ကောင်တီမှာ စံချိန်တင်အပူချိန်အဖြစ် အပူချိန် ၄၉.၄ ဒီဂရီဆဲလ်စီးယက် ရှိခဲ့ပါတယ်။ အင်္ဂါနေ့ကစပြီး အပူချိန်ကျဆင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားပေမဲ့ လေပြင်းတိုက်ခတ်မှုကြောင့် မီးလောင်ရာလေပင့် အခြေအနေ ကြုံရနိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ သြဂုတ်လ ၁၅ ရက်နောက်ပိုင်း တောမီးလောင်ကျွမ်းမှု ၁၀၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး တောမီးလောင်ကျွမ်းမှု တော်တော်များများကတော့ မိုးကြိုးပစ်ရာကနေ စတင်လောင်ကျွမ်းခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့က ဆီရီရာတောင်တန်းမှာ စတင်လောင်ကျွမ်းခဲ့တဲ့ Creek Fire တောမီးကတော့ အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်ပြီး ဧက ၇၈၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့စနေနေ့က မီးတောက်တွေကြားမှာ ပိတ်မိနေတဲ့ တောင်တက်သမား ၂၀၀ ကျော်ကို ရဟတ်ယာဉ်နဲ့ ကယ်တင်ခဲ့ရပါတယ်။ ကောင်တီ ၅ ခုမှာ အရေးပေါ်အခြေအနေ ကြေညာထားရပြီး လက်ရှိအချိန်မှာ တောင်မတက်ကြဖို့ သတိပေးထားပါတယ်။

Ref: BBC ” Wildfires burn through record area in California as blazes continue to spread”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top