ပရဟိတအဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၄.၂ ဘီလျံ လှူဒါန်းခဲ့ပြီးပြီဆိုတဲ့ ဂျက်ဖ် ဘေးဇို့စ်ရဲ့ဇနီးဟောင်း

15-12-2020-yyl26.jpg

Amazon ကုမ္ပဏီရဲ့ စီအီးအို ဂျက်ဖ် ဘေးဇို့စ်ရဲ့ဇနီးဟောင်း မက္ကင်ဇီ စကော့တ် (MacKenzie Scott) ဟာ လွန်ခဲ့တဲ့ (၄) လအတွင်း သူ့ရဲ့ပိုင်ဆိုင်မှုရဲ့ ဒေါ်လာ ၄.၂ ဘီလျံကို ပရဟိတအဖွဲ့အစည်းတွေအတွက် လှူဒါန်းပြီးသွားပြီလို့ ပြောကြားခဲ့ပါတယ်။ သူဟာ ကပ်ရောဂါဖြစ်ပွားမှုကြောင့် သူ့ရဲ့ပရဟိတအစီအစဉ်တွေက များပြားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မက္ကင်ဇီက လှူဒါန်းပြီးသွားခဲ့တဲ့အရာတွေနဲ့ လိုအပ်နေတဲ့လူတွေကို ကူညီဖို့အတွက် အဖွဲ့အစည်းတွေဆီကနေ စိတ်ဓာတ်ခွန်အားတွေရခဲ့တယ်လို့ ပြောကြားခဲ့တာပါ။ လှူဒါန်းမှုတွေ ပြုလုပ်ဖို့အတွက် အဖွဲ့အစည်း ၆၄၉၀ ကို လေ့လာခဲ့ပြီး အဲဒီနောက်မှာ အကူအညီလိုအပ်နေတဲ့သူတွေအတွက် ပိုပြီးသက်ရောက်မှုရှိမယ့် အဖွဲ့အစည်း (၃၈၄) ခုကို ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

အစားအစာအခမဲ့ယူလို့ရတဲ့ Food Banksလို အဲဒီအဖွဲ့အစည်းတော်တော်များများက အခြေခံလိုအပ်ချက်တွေကို ထုတ်ပြောပြပြီး တခြားအဖွဲ့အစည်းတွေကတော့ ကပ်ဘေးကြောင့် ရေရှည်မှာ ပိုဆိုးရွားတဲ့ မညီမျှမှုတွေ ဖြစ်မလာအောင် အဓိကထား လုပ်ဆောင်နေကြတာပါ။ အရင်ဆုံး လှူဒါန်းမှုတစ်ချင်းစီအတွက် ပရိုဂရမ်ခေါင်းဆောင်တွေနဲ့ ဖုန်းကနေတဆင့်မျှဝေပြီး အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တဲ့ အဖွဲ့အစည်းတွေမှာ ရန်ပုံငွေထောက်ပံ့ဖို့ စဉ်းစားဆုံးဖြတ်ကြတယ်လို့ မက္ကင်ဇီက ဆိုပါတယ်။ မက္ကင်ဇီရဲ့ပရဟိတလှူဒါန်းမှုက လက်ဆောင်ရဲ့အရွယ်အစားကြောင့်ပါ လူပြောများတယ်လို့ သိရပါတယ်။

သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေထဲကနေ လှူဒါန်းမှုတွေပြုလုပ်ပြီးသွားတာက ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ဇူလိုင်လမှာလည်း သူ့ရဲ့ပိုင်ဆိုင်မှုရဲ့ ဒေါ်လာ ၁.၇ ဘီလျံကို ပရဟိတအဖွဲ့အစည်းတွေအတွက် လှူဒါန်းပြီးသွားပြီလို့ ပြောခဲ့ဖူးပါတယ်။ လူမျိုးရေးနဲ့ကျားမတန်းတူညီမျှမှု၊ ပြည်သူ့ကျန်းမာရေး၊ ရာသီဥတုပြောင်းလဲခြင်းစတဲ့အရာတွေကို လုပ်ဆောင်ပေးနေတဲ့အဖွဲ့အစည်းတွေဆီ အဲဒီလှူဒါန်းမှုတွေက တိုက်ရိုက်ရောက်တာဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဂျက်ဖ် ဘေးဇို့စ်နဲ့ မက္ကင်ဇီက မင်္ဂလာသက်တမ်း ၂၅ နှစ်အကြာ၂၀၁၉ခုနှစ် ဇန်နဝါရီမှာ ကွာရှင်းခဲ့ကြတာပါ။ မက္ကင်ဇီက Amazonကုမ္ပဏီမှာဒေါ်လာ ၃၅ ဘီလျံတန် ရှယ်ယာတွေရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားကတည်းက ဝင်ငွေတွေ တိုးလာခဲ့တဲ့ ဘီလျံနာတွေထဲမှာ မက္ကဇင်ပါဝင်ပါတယ်။ အခုဆိုရင် သူ့ရဲ့ကြွယ်ဝချမ်းသာမှုက အခုနှစ်အစောပိုင်းကတည်းက ဒေါ်လာ ၂၄ ဘီလျံနီးပါးတိုးလာခဲ့ပြီး ဒေါ်လာ ၆၀ ဘီလျံကျော်ရှိတယ်လို့ Bloomberg Billionaires Index အရ သိရပါတယ်။

သူ့ရဲ့ကြွယ်ဝချမ်းသာမှုက Amazon.com ရဲ့ဝင်ငွေတွေနဲ့ ဆက်စပ်နေပြီး ကပ်ရောဂါအတွင်းမှာ Amazon.co က အွန်လိုင်းကနေ ဈေးဝယ်သူတွေများလာတဲ့အတွက် ရှယ်ယာတွေက ၆၇ ရာခိုင်နှုန်း မြှင့်တက်သွားခဲ့ပါတယ်။ မက္ကင်ဇီရဲ့ပရဟိတလှူဒါန်းမှုတွေက သူ့ရဲ့ကြွယ်ဝချမ်းသာမှုရဲ့အများစုကို လှူဒါန်းမယ်လို့ ကတိကဝတ်ပြုပြီး လက်မှတ်ထိုးထားတဲ့ Giving Pledge ကမ်ပိန်းကနေလာတာဖြစ်ပါတယ်။

Ref: CBSNews “MacKenzie Scott, ex-wife of Jeff Bezos, says she gave $4.2 billion to charity”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top