ကမ္ဘာ့အန္တရာယ်အများဆုံး ဆိုက်ဘာတိုက်ခိုက်မှုကွန်ရက်ကို နိုင်ငံတကာရဲတပ်ဖွဲ့က ဖြုတ်ချ

27-1-2021-yyl-52.jpg

ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး ဆိုက်ဘာတိုက်ခိုက်မှုကွန်ရက်တစ်ခုကို လည်ပတ်နေတဲ့ ကွန်ပျူတာအလုံးရေ ထောင်ချီကို နိုင်ငံတကာရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။ Emotet ကွန်ရက်ဟာ အန္တရာယ်ဖြစ်စေတဲ့ အီးမေးလ်တွေပေးပို့ပြီး ကွန်ပျူတာတွေကို ဝင်ရောက်ထိန်းချုပ်ပါတယ်။ ပြီးရင် သူတို့ရဲ့ထိန်းချုပ်မှုကို ဒုစရိုက်သမားတွေဆီ ရောင်းစားပါတယ်။ ဒုစရိုက်သမားတွေက အဲဒီကွန်ပျူတာတွေထဲကို အန္တရာယ်ပိုများတဲ့ malware ထည့်သွင်းပြီး အချက်အလက်တွေ ခိုးယူတာ၊ ငွေညှစ်တာမျိုး လုပ်လေ့ရှိပါတယ်။

ဗြိတိန်၊ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါနိုင်ငံတွေရဲ့ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး Emotet ကို ရှင်းလင်းဖယ်ရှားခဲ့တာပါ။ Emotet ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း အထင်ရှားဆုံး botnet တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ကွန်ပျူတာစနစ်တွေထံ အဓိကဖောက်ထွင်းဝင်ရောက်နေတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်လို့ ဥရောပရဲတပ်ဖွဲ့က ပြောပါတယ်။

” Emotet တည်ထောင်သူနဲ့ သူ့ကို ပံ့ပိုးကူညီနေသူတွေကို ဖမ်းမမိခဲ့ပေမဲ့ သူတို့က ပြန်တည်ဆောက်နိုင်ဖို့တော့ မရှိတော့ပါဘူး။ သူတို့က အေးအေးချမ်းချမ်း အနားယူနိုင်မယ့် ငွေကြေးပမာဏ ရှိနေပါပြီ။ ဒါမှမဟုတ်လည်း နောက်ထပ်ဒုစရိုက်ပုံစံသစ်တစ်မျိုး လုပ်မှာပေါ့။ botnet တစ်ခု လည်ပတ်နိုင်ဖို့ဆိုတာ ရှုပ်ထွေးပြီး သိမ်မွေ့နက်နဲပါတယ်။အခြေခံအဆောက်အအုံ တစ်ဝက်လောက် အလုပ်မလုပ်တော့ဘူးဆိုရင် botnet တစ်ခုလုံး ကိစ္စပြတ်ပြီလို့ ပြောနိုင်ပါတယ် ” လို့ Recorded Future ဆိုက်ဘာလုံခြုံရေးကုမ္ပဏီအရာရှိ စမီလ်ယာနက်က ပြောပါတယ်။

Emotet ဟာ အီးမေးလ်ကတစ်ဆင့် သူတို့ရဲ့သားကောင်တွေဆီ အရေးကြီးဟန်ထင်ရတဲ့ Microsoft Word ဖိုင် ပေးပို့ပြီး enable Macros လုပ်ခိုင်းပါလိမ့်မယ်။ enable Macros လုပ်ပေးလိုက်ရင်တော့ ဆိုက်ဘာတိုက်ခိုက်သူတွေက အဲဒီကွန်ပျူတာကို ဝင်ရောက်ထိန်းချုပ်နိုင်အောင် ဖွင့်ပေးလိုက်သလိုပါပဲ။

Ref: BBC ” Emotet botnet taken down by international police swoop “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top