ထိုင်ဝမ်လေတပ်ရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ် ပင်လယ်ထဲ ပျက်ကျ

12-2-2022-yyl4.jpg

ထိုင်ဝမ်လေတပ်ရဲ့ အဆင့်အမြင့်ဆုံး တိုက်လေယာဉ်ဖြစ်တဲ့ F-16V လေယာဉ်တစ်စင်း ပင်လယ်ထဲ ပျက်သွားခဲ့ပြီးနောက်မှာ ထိုင်ဝမ်လေတပ်က F-16 တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်ရေးလေ့ကျင့်မှုတွေကို ဆိုင်းငံ့လိုက်ပါတယ်။မကြာသေးခင်ကမှ အဆင့်မြှင့်တင်ထားတဲ့ F-16V တိုက်လေယာဉ်ဟာ ကမ်းရိုးတန်း သေနတ်ပစ်ကွင်းမှာ လေ့ကျင့်ဖို့ ထိုင်ဝမ်တောင်ပိုင်း ချီအာယီလေတပ်အခြေစိုက်စခန်းကနေ ပျံတက်ပြီးနောက် ရေဒါကနေ ပျောက်ကွယ်သွားခဲ့တာလို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ငန်းကို အားသွန်ခွန်စိုက် ဆောင်ရွက်ဖို့၊ လေယာဉ်ပျက်ကျခဲ့တဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ ထိုင်ဝမ်သမ္မတ တိုင်အင်ဝမ်က ညွှန်ကြားထားတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။F-16V တိုက်လေယာဉ် ပင်လယ်ထဲ ပျက်ကျသွားတာကို မြင်တွေ့လိုက်တဲ့ မျက်မြင်သက်သေတွေရှိပြီး လေယာဉ်မှူးကို ရဟတ်ယာဉ်တွေ၊ သင်္ဘောတွေ အသုံးပြုကာ လိုက်လံရှာဖွေနေတယ်လို့ ထိုင်ဝမ်အစိုးရရဲ့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းကလည်း ပုံမှန်လေ့ကျင့်ရေးလုပ်ဖို့ ထိုင်ဝမ် အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဟွာလျံလေတပ်အခြေစိုက်စခန်းကနေ ပျံတက်ခဲ့တဲ့ F-16 တိုက်လေယာဉ်တစ်စင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းကလည်း လေ့ကျင့်မှုလုပ်နေတဲ့ F-5E တိုက်လေယာဉ် ၂ စင်း လေထဲမှာ တိုက်မိခဲ့ဖွယ်ရှိပြီး အရှေ့တောင်ပိုင်း ကမ်းလွန်ဘက်ပင်လယ်ထဲ ပျက်ကျခဲ့ပါတယ်။

လေ့ကျင့်ရည် ပြည့်ဝတဲ့ ထိုင်ဝမ်လေတပ်ဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သူတို့လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ တရုတ်စစ်လေယာဉ်တွေကို တားဆီးဖို့ ထပ်ဖန်တလဲလဲ ပျံတက်တားဆီးခဲ့ရဖူးပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျမှုတွေကတော့ ပျံတက်တားဆီးမှုတွေနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်လေကြောင်း ကာကွယ်ရေးဇုန်ထဲကို စစ်လေယာဉ်တွေ ပုံမှန်စေလွှတ်လေ့ရှိပါတယ်။

Ref: CNN “Taiwan suspends F-16 fleet combat training after jet crashes into sea”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top