ရုန်းကန်နေရတဲ့ဘဝမှာ နေနေရပေမဲ့ လေလွင့်ခွေးတွေနဲ့ အခြားတိရစ္ဆာန်တွေကို မွေးထားတဲ့ ညီအစ်မ (၃) ဦး

25-9-2020-yyl-030.jpg

ကိုယ့်ကိုယ်တိုင်က ကျပ်တည်းတဲ့ဘဝမှာ ရုန်းကန်နေရပေမယ့် အခြားသူတွေကို အကူအညီပေးချင်တဲ့လူတွေ ကမ္ဘာကြီးပေါ်မှာ ရှိနေပါတယ်။ မလေးရှားနိုင်ငံ၊ ကွန်တန်လ်မြို့က ငယ်ရွယ်တဲ့ ညီအစ်မတစ်တွေဆိုရင်လည်း သူတို့ကိုယ်တိုင် စားသောက်ဖို့တောင် ပိုက်ဆံလုံလုံလောက်လောက်မရှိပေမဲ့၊ ညစ်ပတ်နေတဲ့ကြမ်းပြင်မှာ အိပ်စက်ကြရပေမဲ့ လမ်းဘေးခွေး (၁၃) ကောင်နဲ့ အခြားတိရစ္ဆာန်တွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ခေါ်ယူမွေးထားခဲ့ပါတယ်။

Jalan Gambang ရှိ စီးပွားရေးအဆောက်အဦးတစ်ခုရဲ့ အပေါ်ထပ်မှာ နေထိုင်နေတဲ့ အသက် (၁၂)၊ (၁၀)၊ (၉) နှစ်အရွယ် ညီအစ်မ (၃) ဦးက အခန်းမရှိတဲ့အတွက် အမှိုက်သရိုက်တွေနဲ့ ခွေး (၁၃) ကောင်၊ ကြောင်ကတိုး၊ လိပ်၊ ငှက်တွေ၊ ငါးတွေကြားမှာ နေထိုင်အိပ်စက်ကြရပါတယ်။ မကြာသေးခင်က the Sekolah Jenis Kebangsaan (C) Taman Tas မိဘဆရာများအသင်းနဲ့ လူမှုဖူလုံရေးဌာနက ကလေးတွေဆီ သွားလည်ခဲ့အခါမှာ သူတို့နေထိုင်ရတဲ့အခြေအနေကို ကြည့်ပြီး တအံ့တသြဖြစ်ခဲ့ရပါတယ်။ သူတို့တွေက အစားအစာဗူးခွံတွေ၊ ပလတ်စတစ်ဗူးခွံတွေ၊ အခြားပစ္စည်းတွေနဲ့ ပြည့်နေတဲ့ အမှိုက်သရိုက်တွေကို ကလေးတွေနေတဲ့နေရာမှာ တွေ့ခဲ့ရပါတယ်။ နေရာတစ်ခုလုံးကလည်း အနံ့အသက်မကောင်းဘူးလို့ ဆိုပါတယ်။

ကလေးတွေရဲ့အမေက စင်ကာပူမှာ အလုပ်လုပ်နေတဲ့အတွက် သူတို့ကို ဂဟော်ဆော်တဲ့အလုပ်လုပ်နေတဲ့ သူ့ဦးလေးက စောင့်ရှောက်ထားတာပါ။ ကလေးတွေရဲ့အဖေကလည်း တောထဲမှာ အလုပ်လုပ်နေရတဲ့အတွက် ပိတ်ရက်တွေကျမှ အိမ်ပြန်လာတတ်တဲ့အတွက်ကြောင့်ပါ။ ကလေးတစ်ယောက်ချင်းစီကို သူတို့အဖေက တစ်နေ့တာအသုံးစရိတ်အတွက် ရင်းဂစ် (၅၀) ပေးပြီး သူ့ဦးလေးကတော့ အကြီးဆုံးအစ်မကို ပစ္စည်းဝယ်ခြမ်းဖို့အတွက် ရင်းဂစ် (၆၀) ပေးပါတယ်။ “ကလေးတွေက သူတို့ဦးလေး စားစရာတွေနဲ့ အိမ်ပြန်လာတဲ့အချိန်ကို စောင့်ရင်းနဲ့ ကျောင်းကနေ အိမ်ရောက်တာနဲ့ ခေါက်ဆွဲခြောက်ထုတ် (ဒါမှမဟုတ်) ပေါင်မုန့်စားတယ်။ အိမ်မှာ စားစရာရှိသေးရင် အကြီးဆုံးအစ်မက ညစာပြင်ပေးရတယ်”လို့ ကလေးတွေ တက်ရောက်နေတဲ့ကျောင်းရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကလေးတွေက အတန်းလည်းတော်တော်ပျက်တဲ့အတွက် သူတို့ရဲ့ပညာရေးက အားနည်းတယ်လို့ သိရပါတယ်။ “သူတို့ရဲ့ကျောင်းဝတ်စုံတွေကလည်း ညစ်ပတ်တယ်။ မီးပူလည်းမတိုက်တော့ တွန့်ကြေနေတယ်။ ကျောင်းကအာဏာပိုင်တွေကတော့ အစားအစာတွေအပြင် ကျောင်းဝတ်စုံတွေ ထောက်ပံ့ကြပါတယ်။ တချို့ဆရာ၊ဆရာမတွေက သူတို့ရဲ့အိမ်အခြေအနေကို မြင်ပြီးတော့ ခေါင်းအုံးနဲ့ အိပ်ရာခင်းတို့ကို လှူဒါန်းကြပါတယ်။ ကလေးတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ဖို့ အုပ်ထိန်းသူကို အကြိမ်ကြိမ်ခေါ်ခဲ့တယ်။ သူတို့ရဲ့ဦးလေးက အိမ်မှာရှိမနေတဲ့အတွက် တွေ့ခွင့်မရခဲ့ဘူး”လို့လည်း ကျောင်းက ဆိုပါတယ်။

အစက ကလေးတွေကို ကလေးစောင့်ရှောက်ရေးဂေဟာမှာ ထားဖို့ ကျောင်းအာဏာပိုင်တွေက အကြံပြုခဲ့ပေမယ့် ကလေးတွေက သူတို့ဦးလေးနဲ့ ခွဲမနေချင်တာကြောင့် အလုပ်မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ဦးလေးက အိမ်သန့်ရှင်းရေးလုပ်နေတဲ့အချိန်၊ အခြားနေရေးထိုင်ရေးအတွက် ပြင်ဆင်စရာရှိတာပြင်ဆင်နေတဲ့အချိန်မှာတော့ ယာယီနေစရာလေးပေးဖို့ တောင်းဆိုထားပါတယ်။ ကလေး (၃) ဦးကတော့ သူတို့ဖြစ်သလို နေထိုင်စားသောက်နေရလည်း ခွေးလေးတွေအပေါ် အကြင်နာတရားထားပြီး အတူတူနေရတာကိုပဲ ပျော်ရွှင်နေကြတာပါပဲ။ (ကလေးတွေရဲ့ပုံတွေကိုတော့ မီဒီယာတွေက ထုတ်ပြထားခြင်းမရှိပါ)

Ref: WorldofBuzz “Three Children In Kuantan Take In 13 Stray Dogs & Various Other Animals Despite Their Own Struggles”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top