စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် ဖောက်သည်တစ်ဦးချန်ထားခဲ့တဲ့ ဒေါ်လာ၅၆၀၀တန် ခရစ်စမတ်လက်ဆောင်

21-12-2020-yyl17.jpg

အိုဟိုင်းယိုးပြည်နယ်က စားသောက်ဆိုင်တစ်ဆိုင်ကို လာရောက်စားသောက်တဲ့ ဖောက်သည်တစ်ဦးဟာ ခရစ်စမတ်အချိန်အခါမှာ ဆန်တာကလော့တစ်ယောက်လို အထူးသီးသန့်လက်ဆောင်တစ်ခုကို ဝန်ထမ်းတွေအတွက် ချန်ထားရစ်ခဲ့ပါတယ်။ အဲဒီစားသုံးသူက စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် ဘောက်ဆူး ဒေါ်လာ ၅၆၀၀ ကို ချန်ထားပေးခဲ့တာပါ။ ဒီအဖြစ်အပျက် တကယ်ဖြစ်သွားခဲ့တယ်ဆိုတာကို Souk Mediterranean Kitchen & Bar ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင် မော်ဆာ ဆယ်လု့ချ် (Moussa Salloukh) က ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Souk Mediterranean Kitchen & Bar ဆိုင်ကို ၂၀၁၉ခုနှစ် အောက်တိုဘာလကတည်းက ဖွင့်ခဲ့တာဖြစ်ပါတယ်။ စားသုံးသူတွေထဲက တစ်ယောက်က သူ့ရဲ့ဝန်ထမ်းတွေအားလုံးအတွက် ဘောက်ဆူး ဒေါ်လာ ၅၆၀၀ ချန်ထားရစ်ခဲ့တယ်ဆိုတယ်လို့ မော်ဆာက ပြောပါတယ်။ ဆိုင်မှာ ဝန်ထမ်း ၂၈ ယောက်ရှိပြီး အညီအမျှခွဲဝေပေးမှာဖြစ်တဲ့အတွက် တစ်ယောက်ကို ဒေါ် ၂၀၀ စီရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

စားသုံးသူ ချန်ထားရစ်ခဲ့တဲ့ ဘောင်ချာစာရွက်ပုံကိုလည်း မော်ဆာက တင်ခဲ့ပါသေးတယ်။ စားသုံးသူရဲ့နာမည်ကိုတော့ ဘီလီ (Billy) လို့ပဲ ဖော်ပြထားပါတယ်။ ဒီလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားလုံးတွေက မလုံလောက်ပေမဲ့ အခုလိုအားလပ်ရက်အချိန်အခါမှာ ရက်ရက်ရောရောပေးခဲ့တဲ့အတွက်၊ ဝန်ထမ်းတွေရဲ့ဘဝကို ပြောင်းလဲသွားအောင်လုပ်ပေးတဲ့အတွက် ဘီလီကို ကျေးဇူးတင်ချင်တယ်လို့ မော်ဆာက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အခုနှစ်မှာ ရက်ရက်ရောရောလှူဒါန်းမှုတွေ၊ ကူညီပေးမှုတွေက တကယ်လိုအပ်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

(၁၂) လပိုင်းက ရိုးရိုးဒီဇင်ဘာလမဟုတ်ကြောင်း၊ သူ့ရဲ့ဝန်ထမ်းတွေ နှစ်ဆ အလုပ်လုပ်ရတဲ့၊ စားသုံးသူတွေ ဘောက်ဆူးပေးတဲ့လတစ်လဖြစ်ကြောင်း မော်ဆာက ပြောပါတယ်။ ဒီဇင်ဘာလက ဝန်ထမ်းတွေအတွက် မိသားစုတွေကို လက်ဆောင်ဝယ်ပေးဖို့၊ ငွေစုဆောင်းဖို့၊ အထွေထွေအသုံးစရိတ်အတွက် ကုန်ကျနေရတာကြောင့် ဝင်ငွေဝင်ဖို့ လိုတဲ့လဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်ကြောင့် အခုနှစ်ကတော့ ခါတိုင်းနှစ်တွေလို မဟုတ်တော့ဘူးလို့ မော်ဆာက ပြောပါတယ်။

အမေရိကန်နိုင်ငံက ဆိုင်ပေါင်း (၁၁၀,၀၀၀) ကျော်ကို ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး ယာယီ (ဒါမှမဟုတ်) အမြဲတမ်းပိတ်ထားရပြီလို့ The National Restaurant Association က ခန့်မှန်းထားကြောင်း အခုလထုတ်ပြန်တဲ့ Survey Data အရ သိရပါတယ်။

Ref: CBSNews “Guest leaves $5,600 tip for Ohio restaurant staff — just in time for the holidays”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top