ဖောင်ဒေးရှင်းအတွက် TikTok အကောင့်ကို ဖွင့်လိုက်ပြီဖြစ်တဲ့ မာလာလာ

malala.jpg

ယနေ့ခေတ် လူကြီး၊ လူငယ်၊ လူရွယ်တွေကြားမှာ TikTok က အတော်လေးခေတ်စားနေတာဖြစ်ပါတယ်။ တချို့ကတော့ TikTok ကို အပျင်းပြေအနေနဲ့ ဆော့ကြသလို တချို့ကတော့ TikTok နဲ့ ဗဟုသုတ၊ ပညာတွေ မျှဝေပေးဖို့ပါပဲ။ လူအများကြားခေတ်စားနေတာကို အမှီလိုက်နိုင်ဖို့အတွက် နာမည်ကြီးဆယ်လီပုဂ္ဂိုလ်တွေလည်း TikTok အကောင့်ကိုဖွင့်လာကြပါပြီ။ အသက်အငယ်ဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရ မာလာလာဟာလည်း မကြာသေးခင်ကမှ ရန်ပုံငွေလှူဒါန်းမှုတွေကို မြှင့်တင်နိုင်ဖို့အတွက် TikTok အကောင့်ဖွင့်ခဲ့တယ်လို့ သိရပါတယ်။

Malala Fund (@MalalaFund) ဆိုတဲ့ TikTok အကောင့်မှာ ကြည့်ရှုသူအသစ်တွေအတွက် သူ့အကြောင်းအနည်းကျဉ်းမိတ်ဆက်တဲ့ဗီဒီယိုကို ပထမဆုံးTikTok ဗီဒီယိုအနေနဲ့ တင်ပေးထားပါတယ်။ TikTok ဗီဒီယိုမှာ မာလာလာက သူ့ရဲ့အတွေ့အကြုံတွေ၊ အောင်မြင်မှုတွေကို မသိသေးတဲ့ Follower အသစ်တွေကို နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ကြိုဆိုတဲ့အနေနဲ့ သူ ရှူးဖိနပ်တွေကြိုက်တာ၊ ဟာသတွေကြိုက်တာ၊ စာအုပ်ဖတ်ရတာကြိုက်တာတွေကို ပြောပြထားပါတယ်။

ဒီTikTok အကောင့်ကနေ ဆင်းရဲတဲ့မိန်းကလေးငယ်လေးတွေ ပညာထောက်ပံ့ပေးနိုင်ဖို့ တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းကိုလည်း မြှင့်တင်ပေးထားပါတယ်။ မာလာလာက ကုလသမဂ္ဂမိန့်ခွန်းအကြောင်းနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရတဲ့အကြောင်းကို အဲဒီအောင်မြင်မှုတွေနောက်ကွယ်က အကြောင်းအရင်းတွေနဲ့ လူတွေက သူ့ကို ဘယ်လိုကူညီပေးတယ်ဆိုတာတွေနဲ့ မီးမောင်းထိုးပြကာ ထုတ်ပြောထားတာကိုလည်း ဗီဒီယိုမှာ တွေ့ရပါတယ်။

မိန်းကလေးတွေရဲ့ပညာရေးအတွက် လှူဒါန်းပေးဖို့ လူတွေကို ဖိတ်ခေါ်တဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ “GivingTuesday” hashtag ကိုလည်း TikTok ဗီဒီယိုမှာ ထည့်ထားပါတယ်။ မာလာလာက သူ့ရဲ့ Followers တွေ မေးသမျှ ဘယ်လိုမေးခွန်းမျိုးကိုမဆို ဖြေကြားပေးသွားမယ်လို့လည်း ဗီဒီယိုထဲမှာ ကတိပေးထားပါတယ်။ မာလာလာရဲ့ TikTokအကောင့်ရဲ့ပထမဆုံးဗီဒီယိုက တစ်ရက်အတွင်းမှာ Like 79.5 K ရောက်ရှိခဲ့ပါတယ်။ TikTok အသုံးပြုသူတွေက မာလာလာရဲ့အောင်မြင်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိမှုတွေနဲ့ပတ်သက်ပြီး ချီးကျူးစကားတွေလည်း ရေးသားထားကြပါတယ်။

မာလာလာက ကျောင်းမတက်ရတဲ့မိန်းကလေး သန်းပေါင်းများစွာကို ပိုကောင်းတဲ့အနာဂတ်ရရှိဖို့ မျှော်လင့်နေတာပါ။ ကမ္ဘာတစ်ဝှမ်းကလူတွေကလည်း ကူညီပေးဖို့အတွက် ဒေါ်လာ ၂၅ ကနေ ဒေါ်လာ ၂၅၀ ကြား လှူဒါန်းကြပါတယ်။

Ref: Tribune “Malala joins TikTok, vows better future for young girls”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top