ရှေ့တန်းကနေ ကိုဗစ်တွန်းလှန်နေတဲ့ဝန်ထမ်းတွေအတွက် သဲရုပ်တုထုလုပ်ပြီးဂုဏ်ပြုခဲ့တဲ့ပန်းပုပညာရှင်

8-1-2021-yyl16.jpg

မလေးရှားနိုင်ငံက အသက် ၃၀ အရွယ် ပန်းပုပညာရှင်တစ်ဦးကတော့ ရှေ့တန်းကနေ ကိုဗစ်တွန်းလှန်နေတဲ့ ဝန်ထမ်းတွေကို သူ့ရဲ့ပညာရပ်နဲ့ ဂုဏ်ပြုခဲ့ပါတယ်။ သဲတွေနဲ့ လှပတဲ့ရုပ်တုတွေထုလုပ်ဖန်တီးနိုင်တဲ့အတွက် သူ့ကို လူသိများပါတယ်။ အခုတစ်ခေါက် သူ ဖန်တီးလိုက်တဲ့ သဲရုပ်တုကြောင့် မလေးရှားလူမျိုးတွေက အံ့သြမင်သက်ခဲ့ရပါတယ်။ သူဟာ အသက်ကို ပဓာနမထားဘဲ ရှေ့တန်းကနေ ကိုဗစ်တွန်းလှန်နေတဲ့ ဝန်ထမ်းတွေကို ရည်ညွှန်းပြီး အဲဒီသဲရုပ်တုကို ဖန်တီးလိုက်တာဖြစ်ပါတယ်။

အဲဒီပညာရှင်က မိုဟာမတ် အစ်ဝမ် အီဘရာဟင်မ် ဆိုသူဖြစ်ပြီး အဲဒီလှပပြီးလက်ရာမြောက်တဲ့သဲရုပ်တုကို Kuah Town ရဲ့ လူသွားလူလာများတဲ့ The Kuah Passenger Ferry Terminal ကူးတို့ဆိပ်မှာ ပုံဖော်ထုလုပ်ထားပါတယ်။ သဲရုပ်တုက အရှည် (၁၀) ပေနဲ့ အမြင့်ကတော့ (၁) မီတာကျော်ရှိပါတယ်။ မြစ်ကသဲတွေကို (၂၀၀၀) ကီလိုဂရမ်လောက်အသုံးပြုပြီး ထုလုပ်ထားတယ်လို့ သိရပါတယ်။

အီဘရာဟင်မ်က နိုင်ငံရဲ့ရှေ့တန်းကဝန်ထမ်းတွေကို ကိုယ်စားပြုနေတဲ့ လူရုပ်ပုံ( ၄) ခုနဲ့ သဲရုပ်တုကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးထုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပထမလူရုပ်က အစားအစာပို့သမားတွေကို ကိုယ်စားပြုထားပြီး ဒုတိယတစ်ခုကတော့ ရဲတွေကိုကိုယ်စားပြုထားတဲ့ လူရုပ်ဖြစ်ပါတယ်။ တတိယရုပ်တုကတော့ ဆရာဝန်တွေကို ကိုယ်စားပြုထားပြီး နောက်ဆုံးတစ်ခုကတော့ သူနာပြုရုပ်ပုံဖြစ်ပါတယ်။

ကပ်ရောဂါအတွင်း မလေးရှားလူမျိုးတွေကို ကာကွယ်၊ ဂရုစိုက်ပေးနေတဲ့ ရှေ့တန်းက ဝန်ထမ်းတွေကို ပံ့ပိုးပေးတဲ့အနေနဲ့၊ ဂုဏ်ပြုပေးတဲ့အနေနဲ့ ရုပ်တုကိုဖန်တီးခဲ့တာဖြစ်တယ်လို့ အီဘရာဟင်မ်က ပြောပါတယ်။ သူက ဒီရုပ်တုပြီးမြောက်ဖို့အတွက် (၁၅) ရက်အချိန်ယူခဲ့ရပြီး သဲရုပ်တုပြသထားမှုက ထုလုပ်တဲ့နေရာမှာ အချိန် (၁) လလောက်တော့ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရုပ်တုထုလုပ်တဲ့ပရောဂျက်ကတော့ the Art Charity Fund ကနေတဆင့်ပြုလုပ်ခဲ့တာဖြစ်ပြီး ခရီးသွားလုပ်ငန်း၊ အနုပညာနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မလေးရှားရေကြောင်းဌာနတို့ရဲ့ပူးပေါင်းလုပ်ဆောင်မှုလည်းဖြစ်တယ်လို့ သိရပါတယ်။ သဲရုပ်တုတွေကို ကမ်းခြေတွေမှာ ထုလုပ်လေ့ရှိကြပေမဲ့ အခုကတော့ မြို့တွင်းကူးတို့ဆိပ်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။ အီဘရာဟင်မ်က ကျွမ်းကျင်တဲ့သူဖြစ်တဲ့အတွက် အခက်အခဲမရှိခဲ့ဘူးလို့ ဆိုပါတယ်။

Ref: WorldofBuzz “Malaysian Artist Dedicates Unique Sand Sculpture In Langkawi To The Nation’s Frontliners”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top