သားသမီး (၂) ဦးမှာ (၁) ဦးကိုသာ သူ့ရဲ့ကျောက်ကပ်ပေးလို့ရမှာမို့ အခက်ကြုံခဲ့ရတဲ့မိခင်

8-1-2021-yyl11.jpg

စာဖတ်ပရိသတ်တွေရဲ့မိသားစုဝင်ထဲမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးဖို့ လိုအပ်နေတဲ့သူ (၂) ဦးရှိပြီး အဲဒီ (၂) ဦးထဲက (၁) ဦးကိုသာ သင့်ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းကို ပေးလို့ရမယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ။ အဲဒီလိုဆိုရင်တော့ တစ်ယောက်ကို ပေးလိုက်ပြီး နောက်တစ်ယောက်ကို မပေးရတဲ့အတွက် အတော်လေး စိတ်မကောင်းဖြစ်ရမှာပါနော်။ ကလေး (၂) ဦးရဲ့မိခင်တစ်ယောက်ကလည်း အဲဒီလိုဖြစ်နေတဲ့အတွက် အခက်ကြုံနေရပါတယ်။ ဆာရက် ဘင်ဟမ် (Sarah Bingham) ဆိုတဲ့ ကလေးမိခင် (၁) ဦးက ကျောက်ကပ်အစားထိုးကုသဖို့လိုအပ်နေတဲ့ သူ့ရဲ့သားနိုအာ (၂၀နှစ်) နဲ့ သမီးလေး အေရီရယ် (၁၆နှစ်) တို့အတွက် စိုးရိမ်ပူပန်နေရပါတယ်။ သားသမီး (၂) ဦးစလုံးကို ကူညီချင်ပေမဲ့ သူ့ရဲ့ကျောက်ကပ် (၁) ခုကို တစ်ယောက်တည်းကိုပဲ ပေးလို့ရမှာဖြစ်လို့ပါပဲ။

နိုအာနဲ့ အေရီရယ်တို့က တူညီတဲ့ ရှားပါးမျိုးရိုးဗီဇရောဂါအခြေအနေကို ခံစားနေရတာပါ။ မိခင်ဆာရက်က ကလေး(၂) ဦးစလုံးအတွက် ကျောက်ကပ်လှူဒါန်းပေးဖို့ ကိုက်ညီတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကျောက်ကပ်ကို သူ့သမီးအတွက် ပေးမှာဖြစ်ပြီး သူ့သားအတွက်ကိုတော့ သူ့ရဲ့မိသားစုဝင်သူငယ်ချင်း (၂) ဦးက လှူပေးမယ်လို့ သိရပါတယ်။ ဆာရက်က အခုလို သားသမီး (၂) ဦးထဲက (၁) ဦးကို ပေးဖို့အတွက် ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့ရတာပါ။

ဆာရက်ရဲ့ခင်ပွန်းကတော့ ကလေးတွေနဲ့ မကိုက်ညီတဲ့အတွက် ကျောက်ကပ်လှူပေးလို့မရခဲ့ပါဘူး။ သားဖြစ်သူ နိုအာက အရမ်းအားနည်းနေပေမဲ့ သူက ကျောက်ကပ်ပုံမှန်ဆေးတဲ့အတွက် အခြေအနေကောင်းပါတယ်။ သမီးဖြစ်သူရဲ့ကျောက်ကပ်လုပ်ဆောင်ချက်ကတော့ ပြီးခဲ့တဲ့နှစ်ထက်ပိုပြီး ဆိုးရွားနေတဲ့အတွက် အရင်ဆုံး ကျောက်ကပ်အစားထိုးဖို့ လိုအပ်တာဖြစ်ပါတယ်။ ဆာရက်က သူ့သမီးလေးကို ကျောက်ကပ်ပေးဖို့ စီစဉ်ထားပြီးမှ သားဖြစ်သူရဲ့ကျောက်ကပ်အခြေအနေက မကောင်းဘူးဖြစ်လာပြီး ကျောက်ကပ်အစားထိုးဖို့ လိုအပ်လာခဲ့ပါတယ်။ သူ့ရဲ့ကျောက်ကပ်ကို တစ်ယောက်တည်းကိုပဲ ပေးနိုင်တဲ့အတွက် အဲဒီအချိန်မှာ အခက်ကြုံခဲ့ရပါတော့တယ်။

သမီးဖြစ်သူ အေရီရယ်က ၂၀၁၆ခုနှစ်မှာ ကျောက်ကပ်ပြဿနာကို စတင်ခံစားခဲ့ရတာပါ။ အဲဒီတုန်းက ခဏခဏပင်ပန်းနွမ်းလျသလို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ ပင်ပန်းနွမ်းလျတာက ပိုဆိုးရွားလာခဲ့တဲ့အတွက် ဆေးစစ်ကြည့်တော့မှာ ကျောက်ကပ်အခြေအနေမကောင်းဘူးဆိုတာ သိခဲ့ရတာပါ။ ၂၀၁၉ခုနှစ်မှာတော့ သားဖြစ်သူ နိုအာက အဲဒီရောဂါအခြေအနေကို ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ဆာရက်တို့စုံတွဲမှာ အသက် ၁၂ နှစ်အရွယ်သားလေးတစ်ယောက်ရှိပါသေးတယ်။ အဲဒီသားကိုလည်း အဲဒီလိုရောဂါအခြေအနေရှိမရှိကို စစ်ဆေးနေတုန်းပါပဲ။

Ref: BBC “Organ donor mum wishes she could help her children in need of kidneys”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top