Arkansas State Park ကနေ (၉) ကာရက် ရှိတဲ့ စိန်တုံးကြီးကို အမျိုးသားတစ်ဦး တွေ့ရှိ

25-9-2020-yyl-005.jpg

ပန်းခြံသွားလည်ရင်းနဲ့ တန်ဖိုးကြီးအရာတစ်ခုခုကို တွေ့ရှိခဲ့မယ်ဆိုရင် စာဖတ်ပရိသတ်တွေ ဘယ်လိုဖြစ်သွားမလဲ။ အာကင်ဆောပြည်နယ်က အသက် (၃၃) နှစ်အရွယ် ကယ်ဗင် ကင်နက်တ် (Kevin Kinard) ဆိုတဲ့ အမျိုးသားတစ်ယောက်ကတော့ Arkansas State Park မှာ (၉) ကာရက်လောက်ရှိတဲ့ စိန်တုံးကြီးကို တွေ့ရှိလို့ အပျော်ကြီးပျော်နေရှာပါတယ်။ အဲဒီပန်းခြံမှာ ဘယ်လိုအရွယ်အစား စိန်တုံးပဲဖြစ်ဖြစ် တွေ့တဲ့သူက ယူလို့ရပါတယ်။

ကယ်ဗင်နဲ့ သူ့သူငယ်ချင်းတွေက အလုပ်သမားနေ့မှာ Crater of Diamonds State Park ကို အလည်အပတ်လာရောက်ခဲ့တာပါ။ အဲဒီပန်းခြံက စိန်တုံးတူးဖို့အတွက် မြေဧက (၃၇.၅) လောက်ကိုပေးထားပြီး ပန်းခြံလာရောက်လည်ပတ်သူတွေက မြေကြီးထဲကနေ ကမ္ဘာ့အကြီးဆုံးစိန်တုံးတွေတောင် ရှာတွေ့နိုင်ပါတယ်။ ပန်းခြံမှာ နေ့တိုင်းလိုလို စိန်တုံး (၁) တုံး (၂) တုံးလောက် တွေ့ရှိရတယ်လို့ ပန်းခြံရဲ့ စကားပြန်က ဆိုပါတယ်။ ပန်းခြံမှာ အလည်လာတဲ့သူက စိန်တုံးတစ်တုံးကို ရှာတွေ့ရင် အဲဒီစိန်တုံးကို ရှာတွေ့တဲ့သူ ပိုင်ဆိုင်တယ်ဆိုတဲ့ စည်းမျဉ်းရှိပါတယ်။

ကယ်ဗင်က (၂) တန်းနှစ်တုန်းကတော့ Crater of Diamonds State Park ကို ပထမဆုံးအကြိမ်အဖြစ် အလည်လာခဲ့ဖူးပါတယ်။ အဲဒီကတည်းကနေ စိန်တုံးရှာဖို့အတွက် တစ်နှစ် (၁) ကြိမ် (သို့) (၂) ကြိမ်လောက်ပဲ အလည်အပတ်လာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တစ်ခါမှ စိန်တုံးရှာမတွေ့ခဲ့ပါဘူး။ ကပ်ရောဂါကြောင့် သူနဲ့သူ့သူငယ်ချင်းတွေက ပန်းခြံထဲမှာပဲ အချိန်ကုန်ဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ “တကယ်တော့ ကျွန်တော် မေလက ပန်းခြံကို သွားခဲ့ပြီးပါပြီ။ ဒါပေမဲ့ အာကင်ဆောပြည်နယ်ပန်းခြံတွေက ပန်းခြံသွားတဲ့အခါတိုင်း ပြည်နယ်ပန်းခြံတံဆိပ်တုံးနှိပ်ပေးပါတယ်။ ဒါကြောင့် တံဆိပ်တုံးလိုချင်တဲ့အတွက် ပြန်သွားခဲ့တာပါ”လို့ ကယ်ဗင်က ပြောပါတယ်။

စိန်တူးမယ့်သူက စိန်တူးတဲ့အခါ တူးနေရင်း တွေ့တာတွေကို အိတ်တစ်လုံးထဲကို ထည့်ရပြီး အဲဒီနောက်မှာ စိန်တုံး ရှာတွေ့လားမရှာတွေ့ဘူးလားဆိုတာကို ဥယျာဉ်ဝန်ထမ်းတွေ စစ်ဆေးပေးဖို့ အိတ်ကို ပေးရပါတယ်။ ကယ်ဗင်ကတော့ (၄) နာရီလောက် တူးပြီး တံဆိပ်တုံးသွားနှိပ်ခဲ့ပါတယ်။ သူ စိန်တုံးရှာတွေ့မှာမဟုတ်ဘူးလို့ ထင်တဲ့အတွက် အိတ်ကို မစစ်ဆေးတော့ဘဲ ကားဆီကို ပြန်လာခဲ့ပါတယ်။ သူ့သူငယ်ချင်းက အိတ်စစ်ချင်သေးတယ်ဆိုလို့ သူနဲ့အတူ စစ်ဖို့ နောက်တစ်ခေါက်ပြန်သွားခဲ့ပါတယ်။

ကယ်ဗင်ကို ဥယျာဉ်ဝန်ထမ်းတစ်ဦးက သီးသန့်အခန်းတစ်ခုထဲခေါ်ပြီး သူ့အိတ်ထဲမှာ (၉) ကာရက်ရှိတဲ့စိန်တုံးကို တွေ့တယ်လို့ ပြောခဲ့ပါတယ်။ ကယ်ဗင်လည်း ပျော်လွန်းလို့ ဝမ်းသာမျက်ရည်တောင် ကျခဲ့တယ်။ ကယ်ဗင်တွေ့တဲ့စိန်တုံးက ပန်းခြံမှာ တွေ့ခဲ့ဖူးတဲ့စိန်တုံးတွေထဲမှာ ၁၉၇၅ခုနှစ်က (၁၆) ကာရက်စိန်တုံးပြီးရင် ဒုတိယအကြီးဆုံးစိန်တုံးပါပဲ။

ကယ်ဗင်လည်း ချက်ချင်းပဲ သူ့အလုပ်လုပ်တဲ့ ဘဏ်ကို စိန်တုံးယူသွားပြီး မီးခံသေတ္တာထဲထည့်ထားလိုက်တယ်။ သူ စိန်တုံးရဲ့တန်ဖိုး ဘယ်လောက်ရှိလဲဆိုတာကို အဆုံးအဖြတ်လုပ်ဖို့ မမေ့ပေမဲ့ အခုတော့ ဒီအခိုက်အတန့်လေးကို ပျော်ချင်သေးတယ်လို့ ဆိုပါတယ်။ “ဒါ ဘယ်လောက်တန်လဲတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ (၉) ကာရက် စိန်တုံးနဲ့ ဘာမှမလုပ်သေးဘူး။ ကျွန်တော် မီလျံနာဖြစ်နိုင်တယ်။ အလုပ်ကနေထွက်တော့မှာလားလို့ ကျွန်တော့်သူဌေးက ပြောတယ်။ ကျွန်တော် အလုပ်မထွက်ပါဘူး။ ကျွန်တော် အလုပ်နားဖို့ အရမ်းငယ်သေးတယ်။ အလုပ်လုပ်နေဦးမှာပါ”လို့ ကယ်ဗင်က စိန်တုံးကြောင့် ချမ်းသာသွားရင်လည်း အလုပ်မထွက်ဘဲ ဆက်လုပ်ဦးမယ်လို့ ဆိုပါတယ်။

Ref: ABCNews “Man finds 9-carat diamond, 2nd-largest ever at Arkansas state park”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top