မီးဖွားစရိတ်နဲ့ ခွင့်ရဖို့ ၁၇ ကြိမ်တိုင်တိုင် ကိုယ်ဝန်ဆောင်တယ်လို့ လိမ်ညာခဲ့သူ

19.2.24-yyl-2.jpg

အီတလီအမျိုးသမီးတစ်ဦးဟာ မီးဖွားစရိတ်ရဖို့အတွက် လွန်ခဲ့တဲ့ ၂၄ နှစ်တာကာလအတွင်း ၁၇ ကြိမ်တိုင်တိုင် ကိုယ်ဝန်ဆောင်ခဲ့တယ်လို့ လိမ်ညာမှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ ဘာဘရာအီအိုလီဟာ အစိုးရက ထောက်ပံ့တဲ့ မီးဖွားစရိတ် ယူရို ၁၁၀၀၀၀ အထိ ရရှိခဲ့ပါတယ်။ ၁၇ ကြိမ် ကိုယ်ဝန်ဆောင်တဲ့အနက် ၁၂ ကြိမ် ကိုယ်ဝန်ပျက်ကျခဲ့ပြီး ကလေး ၅ ယောက် မွေးဖွားခဲ့တယ်လို့ သူက လိမ်ညာခဲ့ပါတယ်။

ဒါပေမဲ့ သူ့ကလေးတွေရဲ့အမည်ဟာ အိမ်ထောင်စုစာရင်းထဲမှာ ပါဝင်ခြင်းမရှိသလို ဘယ်သူကမှလည်း သူ့ကလေးတွေကို မမြင်ဖူးကြပါဘူး။ ဘာဘရာဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ နောက်ဆုံးကလေးကို မွေးဖွားခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဘာဘရာကို မသင်္ကာတဲ့ အရာရှိတွေက သူ့ကို စောင့်ကြည့်နေခဲ့ကြပြီး သူ ကိုယ်ဝန်ဆောင်ခဲ့ခြင်းမရှိဘူးလို့ အတည်ပြုပါတယ်။

ဘာဘရာဟာ ရောမမြို့ ဆေးရုံကနေ ခိုးယူလာတဲ့ မွေးစာရင်းလက်မှတ်တွေ၊ အခြားစာရွက်စာတမ်းတွေ၊ ဆရာဝန်လက်မှတ်တွေကို အသုံးပြုပြီး လိမ်ညာခဲ့တာပါ။ သူဟာ အင်္ကျီအောက်ထဲကို ခေါင်းအုံးထည့်ပြီး ကိုယ်ဝန်သည် ဟန်ဆောင်ခဲ့သလို ကိုယ်ဝန်ဆောင်တွေ လမ်းလျှောက်တဲ့ပုံစံကိုလည်း ကြိုတင်လေ့ကျင့်ခဲ့သူပါ။ သူ့သတင်းက အီတလီနိုင်ငံမှာ ဟိုးလေးတကျော် ဖြစ်သွားပြီး ရုပ်ရှင်ထုတ်လုပ်သူအများစုကပါ သူ့အကြောင်းကို ရုပ်ရှင်ရိုက်ဖို့ အစီအစဉ် ရှိနေကြပါတယ်။

ဘာဘရာဟာ အစိုးရထံကနေ မီးဖွားစရိတ် ယူရို ၁၁၀၀၀၀ ကျော် ရရှိခဲ့ရုံသာမက အလုပ်ရှင်တွေထံကနေလည်း ခွင့်ရက်ပေါင်း ရာနဲ့ချီ ရရှိခဲ့ပါသေးတယ်။ ဘာဘရာရဲ့ အတူနေချစ်သူ ပစ်ဇီနာတိုကလည်း ဘာဘရာ ကိုယ်ဝန်မဆောင်ခဲ့ဖူးဘူးလို့ ဖြောင့်ချက်ပေးခဲ့ပါတယ်။ ပစ်ဇီနာတိုဟာ ကြံရာပါအဖြစ် သံသယရှိခံရပေမဲ့ ပြစ်ဒဏ်ပေါ့လျော့စေဖို့အတွက် ဘာဘရာရဲ့ လိမ်ညာမှုကို ဖြောင့်ချက်ပေး ထွက်ဆိုဖို့ စိတ်အားထက်သန်နေဖွယ် ရှိပါတယ်။

Ref:Woman Fakes 17 Pregnancies to Collect Maternity Benefits and Skip Work

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top