လုံးဝ အခိုးမခံရနိုင်ဘူးလို့ အာမခံပြီး ရောင်းလိုက်တဲ့ ပေါင် ၁ သိန်းကျော်တန်ကား နာရီ ၆၀ အတွင်း အခိုးခံရ

3.2.2025-yyl-4.png

ဗြိတိန်နိုင်ငံသားတစ်ယောက်ကတော့ ဝယ်ထားတာ ၃ ရက်မပြည့်သေးတဲ့ ပေါင် ၁၈၃၀၀၀ တန် ဇိမ်ခံကားကြီး အခိုးခံရပြီး မခံချိမခံသာ အဖြစ်မျိုး ကြုံခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဝါဝစ်ရှိုင်းယားစီရင်စုမှာ နေထိုင်တဲ့ ဂျွန်ဆိုတဲ့ အမျိုးသားဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှာ ပေါင် ၁၈၃၀၀၀ တန် Range Rover 2024 SV Edition One ဇိမ်ခံကားသစ်ကြီးကို ကားအရောင်းပြခန်းကနေ ဝယ်ယူခဲ့ပါတယ်။

Range Rover 2024 SV Edition One ကားဟာ ဂရက်ဖိုက်နဲ့ ပြုလုပ်ထားတဲ့ ဘီးလုံးတွေတင် ပေါင်သောင်းချီတန်ပြီး ကားအတွင်းပိုင်းမှာလည်း နည်းပညာမြင့် လုပ်ဆောင်ချက်တွေ တပ်ဆင်ထားပါတယ်။ ဒါ့အပြင် Jaguar Land Rover (JLR) လုံခြုံရေးစနစ် တပ်ဆင်ထားတာကြောင့် လုံးဝခိုးယူခံရမှာ မဟုတ်ဘူးလို့ အရောင်းဝန်ထမ်းတွေက အာမခံခဲ့တာပါ။

ဒါပေမဲ့ ကားဝယ်လာပြီး နာရီ ၆၀ မပြည့်ခင် ညတစ်ညမှာတော့ ကားခြေရာခံစောင့်ကြည့်ရေးကုမ္ပဏီရဲ့ ဖုန်းခေါ်ဆိုမှုတွေကြောင့် အိပ်နေရာကနေ ဂျွန်နိုးလာခဲ့ပြီး အိမ်အပြင်ဘက် ကြည့်လိုက်ချိန်မှာတော့ အိမ်အောက်မှာ ရပ်ထားတဲ့ကား မရှိတော့တာကို တွေ့လိုက်ရပါတယ်။ စောင့်ကြည့်ကင်မရာမှတ်တမ်းတွေအရ နံနက် ၁ နာရီဝန်းကျင်မှာ လူ ၃ ယောက် မယောင်မလည်လုပ်နေတာ ‌တွေ့ရပြီး နှစ်ယောက်က ကားနားကပ်သွားချိန်မှာ တစ်ယောက်က ပတ်ဝန်းကျင်ကို ကြည့်ပေးနေခဲ့တာပါ။

ကားသူခိုးတွေဟာ လုံခြုံရေးစနစ် မြင့်လွန်းပြီး ခိုးယူဖို့ မဖြစ်နိုင်ဘူးလို့ ဆိုကြတဲ့ကားကို ၁၅ မိနစ်အတွင်း ခိုးယူသွားခဲ့ကြတာ ဖြစ်ပါတယ်။ ကားသူခိုးတွေဟာ ကားတစ်စီးနဲ့ ရောက်လာကြတာဖြစ်ပြီး သူတို့ကို လာပို့ခဲ့တဲ့ကားက စောင့်မနေဘဲ ပြန်မောင်းသွားတာကို ကြည့်ခြင်းအားဖြင့် Range Rover 2024 SV Edition One ကားကို သေချာပေါက် ခိုးနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပုံပါပဲ။

Ref: Man Has $227,000 “Unstealable” Car Stolen Less Than 60 Hours After Buying It
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top