အယ်လ်ဇိုင်းမားရောဂါကို ကုသနည်းရှာဖို့အတွက် လုပ်ဆောင်သွားမယ့် ဘီလ်ဂိတ်

1280px-Alzheimers_disease_brain_comparison.jpg

ဒီနေ့ ကမ္ဘာပေါ်မှာ ၆၆ စက္ကန့်ကို လူတစ်ယောက် အယ်ဇိုင်းမား ရောဂါ ဖြစ်ပွားနေကြပြီး အမေရိကန် နိုင်ငံသား ၅ သန်းဟာ အယ်ဇိုင်းမားရောဂါ ရှိနေကြပါတယ်။ ဒီနေ့ အထိလည်း ဒီရောဂါကို ကုသနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ဒါပေမဲ့ ဒါကို အဖြေရှာဖို့ လုပ်ဆောင်သွားမယ့်သူကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဘီလ်ဂိတ် ဖြစ်ပြီး “အယ်ဇိုင်းမားရောဂါကို ကုသနိုင်မယ့်ဘယ်နည်းမဆို ကျွန်တော်တို့ရဲ့ ဒီနေ့လောကကြီးအတွက် တိုးတက်မှုတစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်ရဲ့ ရေရှည် ရည်မှန်းချက်ကတော့ ဒီရောဂါကို အပြီးသတ် ပျောက်ကင်းအောင်ကုသနည်းတွေ့ဖို့ပါပဲ။”လို့ ဘီလ်ဂိတ်က ဆိုပါတယ်။

အယ်လ်ဇိုင်းမားရောဂါဆိုတာ ၁၈၆၄ မှ ၁၉၁၅ ခုနှစ်အတွင်း နေထိုင်သွားတဲ့ ဂျာမန် ဦးနှောက်နှင့် အာရုံကြော ပါရဂူ အယ်လ်ဇိုင်းမားကို အစွဲပြုပြီး ပေးထားတဲ့ ရောဂါဖြစ်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ဟာ အာရုံကြော အားနည်းလာတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အချိန်ကြာလာလေ ရောဂါပိုဆိုးလာတတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ပထမဆုံး ဖြစ်တတ်လာတတ်တဲ့ ရောဂါလက္ခဏာတွေကတော့ လတ်တလောမှတ်ဉာဏ်များကို မေ့လျော့လာတတ်ပြီး နောက်ပိုင်းမှာ မှတ်ဉာဏ်က ဘာမှ မမှတ်သားနိုင်တော့ဘဲ ကိုယ်လက်အင်္ဂါတွေကိုတောင် မထိန်းနိုင်တဲ့အထိ ဖြစ်စေနိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။ ကုသဖို့ဆေး ယခုအချိန်ထိမရှိသေးဘဲ ရောဂါ လက္ခဏာတွေ့ပြီး ၃ နှစ် မှ ၁၀ နှစ်အတွင်း သေဆုံးစေနိုင်တဲ့ ရောဂါမျိုးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန် တစ်ကမ္ဘာလုံးမှာ အယ်လ်ဇိုင်းမှာ ရောဂါ ခံစားနေရသူ ၄၇ သန်းအထိရှိတယ် လို့ခန့်မှန်းရပါတယ်။

ဘီလ်ဂိတ်ကတော့ အယ်လ်ဇိုင်းမားရောဂါတိုက်ဖျက်ဖို့အတွက် ဒေါ်လာ သန်း ၅၀ ခန့်ကို ဒီရောဂါအကြောင်းလေ့လာဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပြီး ဒါဟာ မကူးစက်နိုင်တဲ့ ရောဂါတစ်မျိုးအတွက် ဘီလ်ဂိတ်ရဲ့ ပထမဆုံးလုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ အရင်က ဘီလ်ဂိတ်ဟာ ဂိတ်ဖောင်ဒေရှင်းမှတဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ HIV ရောဂါ၊ ငှက်ဖျားရောဂါနဲ့ ပိုလီယို ရောဂါကုသရေးတွေမှာပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယနေ့မှာ အယ်ဇိုင်းမားဟာ ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းခြင်းများရဲ့ အဓိက လက်သည် တရားခံဖြစ်နေပြီး အမေရိကန်နိုင်ငံမှာ လူသေနှုန်း အများဆုံးရောဂါ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ရောဂါ ဖြစ်ပါတယ်။ လက်ရှိအချိန် အမေရိကန်မှာ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူ ၅ သန်းခန့်ရှိပြီး ဒီလူနာများကြောင့် တစ်နှစ်ကို ဒေါ်လာ 259 ဘီလီယံလောက် ကုန်ကျနေပါတယ်။ ဒီ ရောဂါကို ကုသဖို့ နည်းလမ်းမရှိသေးဘူးဆိုရင် ၂၀၅၀ ခုနှစ်ခန့်မှာ အမေရိကန် နိုင်ငံသား ၁၆ သန်းလောက် အယ်လ်ဇိုင်းမား ရောဂါ ရလာနိုင်ပြီး နိုင်ငံကို တစ်နှစ်လျှင် ဒေါ်လာ ၁ တြီလီယံ ကုန်ကျစေနိုင်လိမ့်မယ် လို့ခန့်မှန်း ရပါတယ်။ ဆေးပညာရှင်တွေကတော့ အယ်ဇိုင်းမားရောဂါဟာ ကင်ဆာနဲ့ နှလုံးရောဂါလိုပဲဖြစ်ပြီး ဒီရောဂါတွေကို ကုသနိုင်ဖို့ဆိုရင် စောစီးစွာ သိရှိခြင်းနဲ့ ကြိုတင်ကာကွယ်ခြင်းတို့ဖြင့်သာ ကုသနိုင်တယ်လို့ ဆိုထားကြပါတယ်။

“တစ်နေ့တခြားကြီးလာတဲ့ ဝန်ထုတ်ဝန်ပိုးကြီးက မယုံနိုင်စရာပါပဲ။ ကျွန်တော် မိသားစုထဲမှာလည်း ဒီရောဂါ ခံစားနေရတဲ့သူတွေ ရှိကြပါတယ်။ ဒါ့ကြောင့် ဒီရောဂါ ဘယ်လောက်ဆိုးသလဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါ့ကြောင့် ကျွန်တော် အယ်လ်ဇိုင်းမားရောဂါ ကုသရေးကို စလုပ်တာ မဟုတ်ပေမဲ့ ဒီအချက်ကြောင့် အယ်လ်ဇိုင်းမားရောဂါကို ကုသရေးရှာဖို့ စိတ်ဝင်စားခဲ့တာပါပဲ။ နည်းပညာနဲ့ တီထွင်မှုတွေဟာ သမိုင်းတစ်လျှောက်အခက်ခဲဆုံး ပုစ္ဆာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာကို ကျွန်တော် စွဲစွဲမြဲမြဲ ယုံကြည်သူတစ်ယောက်ပါ။ ”လို့ ဘီလ်ဂိတ်က CNN နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဂိတ်ရဲ့ လှူဒါန်းမှုနဲ့ဆို ဂိတ်ဟာ ဒီရောဂါနဲ့ ပတ်သတ်လို့ ပိုပြီး ဆန်းသစ်တဲ့ အတွေးအမြင်တွေ ရလာဖို့ မျှော်လင့်နေပြီး အရင်ရှာဖွေထားခဲ့တဲ့ ကုသနည်းတွေနဲ့ ဆန်းသစ်တဲ့တီထွင်မှုတွေက အယ်လ်ဇိုင်းမားရောဂါကို ကုသနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“ဒီဆယ်စုနှစ်ဟာ တိုးတက်မှုတွေ အများကြီးချန်ရစ်နိုင်ခဲ့မယ် ဆယ်စုနှစ်တစ်ခုပါ။ အကောင်းဆုံးကတော့ နောက်နှစ်နှစ် သုံးနှစ်အတွင်းမှာ ပေါ်လာမယ့် ဆေးဝါးတွေက ဒီရောဂါကို ကုသလာနိုင်မယ့် အခြေအနေတွေ ရှိနေပါတယ်။ ” ဘီလ်ဂိတ်ကိုယ်တိုင်လည်း ဒီရောဂါ ဖြစ်လာမှာ စိုးရိမ်စိတ်ရှိသူ တစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဂိတ်ဟာ ကြိုတင်ကာကွယ်ခြင်း၊ အားကစားလုပ်ခြင်းနဲ့ စိတ်ကျန်းမာရေး ကောင်းမွန်အောင် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

Ref : News : Bill Gates’ newest mission: Curing Alzheimer’s

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top