စားသုံးသူတွေကို လိမ်ညာခဲ့တဲ့ ထိုင်းပင်လယ်စာ စားသောက်ဆိုင် ပိုင်ရှင်တွေကို ထောင်ဒဏ် ၁၄၄၆ နှစ်စီ ချမှတ်

12-6-2020-yyl-042.jpg

စားသုံးသူ ၂၀,၀၀၀ ကို လိမ်ညာခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပင်လယ်စာ စားသောက်ဆိုင်ပိုင်ရှင်တွေကို ထောင်ဒဏ် ၁၄၄၆ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ Lemgate ပင်လယ်စာ စားသောက်ဆိုင် ပိုင်ရှင်တွေဖြစ်တဲ့ အပီချက်နဲ့ ပရာပက်ဆွန်တို့ဟာ ပြီးခဲ့တဲ့နှစ်က အွန်လိုင်းကနေ အစားအစာတွေကို ပရိုမိုးရှင်းနဲ့ စတင်ရောင်းချခဲ့ပါတယ်။ အဲဒီရောင်းချမှုမှာ အစားအစာဘောက်ချာ ဝယ်ချင်တဲ့ စားသုံးသူတွေက ပိုက်ဆံကြိုရှင်းပေးရပါတယ်။ လူ ၁၀ ယောက်စားလို့ရတဲ့ ပင်လယ်စာတွေကို ဘတ် ၈၈၀ နဲ့ ရောင်းချပေးခဲ့ပြီး အဲဒီပမာဏက ပုံမှန်ဈေးနှုန်းထက် အများကြီးသက်သာပါတယ်။ စားသုံးသူ ၂၀,၀၀၀ က သူတို့ဆိုင်ကနေ ဘတ်သန်း ၅၀ ဖိုးရှိတဲ့ အစားအစာ ဘောက်ချာတွေ ဝယ်ယူခဲ့ပေမဲ့ စားသုံးသူတွေကို တည်ခင်းဧည့်ခံပေးဖို့ လုံလောက်တဲ့ ပင်လယ်စာ မရှိတော့ဘူးဆိုပြီး နောက်ပိုင်းမှာ စားသောက်ဆိုင်ကို ပိတ်ပစ်ခဲ့ပါတယ်။

သူတို့က ဘောက်ချာဝယ်ထားတဲ့ စားသုံးသူတွေကို ငွေပြန်အမ်းပေးမယ်လို့ ပြောခဲ့ပေမဲ့ စားသုံးသူ ၈၁၈ ယောက်ထဲမှာ ၃၇၅ ယောက်ပဲ ပိုက်ဆံပြန်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ စားသုံးသူ ရာပေါင်းများစွာက စားသောက်ဆိုင် ပိုင်ရှင်တွေနဲ့ ကုမ္ပဏီကို လိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီနောက်မှာ စားသုံးသူတွေကို မဟုတ်မမှန်ပြောပြီး လိမ်လည်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။

သူတို့ဟာ ဇွန်လ ၁၀ ရက်မှာ စွဲချက် ၇၂၃ ခုအတွက် အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး တစ်ဦးချင်းစီကို ထောင်ဒဏ် ၁၄၄၆ နှစ်စီ ချမှတ်ခဲ့တာပါ။ တိုင်ကြားမှုအရေအတွက်ကြောင့် ထောင်ဒစ် ၁၄၄၆ နှစ် ချမှတ်ခဲ့ပေမဲ့ ထိုင်းနိုင်ငံရဲ့ဥပဒေအရ အများပြည်သူကို လိမ်လည်မှုအတွက် အများဆုံး ထောင်ဒဏ်နှစ် ၂၀ အထိပဲ ချမှတ်ဖို့ ကန့်သတ်ထားလို့ သူတို့ ၂ ယောက်ရဲ့ ပြစ်ဒဏ်ကို ထောင်ဒဏ်နှစ် ၂၀ အထိ လျှော့ချပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁.၈ သန်း ချမှတ်ခဲ့ပြီး သူတို့ရဲ့ကုမ္ပဏီကိုလည်း ဒဏ်ငွေအဖြစ် ဘတ်ငွေ ၁.၈ သန်းပေးဆောင်ဖို့ ချမှတ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ စားသုံးသူတွေကို နစ်နာကြေးအဖြစ် ဘတ်ငွေ ၂.၅ သန်း ပြန်အမ်းပေးဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top