ဟာရီကိန်းမုန်တိုင်းအတွင်း ပိတ်မိနေတဲ့ ကြောင်လေးကိုကယ်တင်ပေးခဲ့လို့ ချီးကျူးခံနေရသူ

9-30-2022-yyl-07.jpg

ဟာရီကိန်းမုန်တိုင်း Ian က အမေရိကန်မှာ တိုက်ခတ်ဖူးသမျှ ဟာရီကိန်းမုန်တိုင်းတွေထဲမှာ အားအပြင်းဆုံးပါပဲ။ ဖလော်ရီဒါအနောက်တောင်ပိုင်းကို ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အခုဆို ကုန်းတွင်းပိုင်းကို ရွေ့လျားနေပါတယ်။ Fort Myers ကမ်းခြေက လူနေရပ်ကွက်တွေနဲ့ အခြားကမ်းရိုးတန်းဒေသတွေ လုံးလုံးနီးပါး နစ်မြုပ်သွားပြီး အဆောက်အဦတွေပျက်စီးတဲ့အပြင် သစ်ပင်တွေလဲ၊ လျှပ်စစ်ဓာတ်အားတွေပြတ်တောက်သွားခဲ့ပါတယ်။ အခုလို ဒုက္ခရောက်နေတဲ့ အချိန်မှာ လူတွေက အချင်းချင်းကူညီပေးနေတဲ့အပြင် သောင်တင်နေတဲ့ တိရစ္ဆာန်လေးတွေကိုလည်း ကယ်တင်နေရပါတယ်။ ရေကြီးရေလျှံမှုကြား ပိတ်မိနေတဲ့ ကြောင်တစ်ကောင်ကို ကယ်တင်ခဲ့တဲ့ အမျိုးသားတစ်ယောက်ဆိုရင် သူရဲ့ရဲစွမ်းသတ္တိကြောင့် ချီးကျူးခံနေရပါတယ်။

သူက ဖလော်ရီဒါပအနောက်တောင်ပိုင်း၊ Bonita Springs မှာ နေထိုင်တဲ့ မိုက်ခ် ရို့စ်ပါ။ သူ့အိမ်က ရေအောက်ရောက်သွားတဲ့အတွက် သူ့မိဘရဲ့အိမ်မှာ ခိုလှုံဖို့ သွားခဲ့ရပါတယ်။ သူ့မိဘတွေမှာ မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ခံတပ်တစ်ခုရှိပါတယ်။ ဗုဒ္ဓဟူးနေ့က မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေတွေလျှံလာခဲ့ပါတယ်။ အဲဒီလို ပရမ်းပတာတွေဖြစ်နေတဲ့ကြားမှာ မိုက်ခ်က အိမ်တစ်အိမ်မှာ တပ်ဆင်ထားတဲ့ လေအေးပေးစက်တစ်ခုပေါ်မှာ ထိတ်လန့်ကြောက်ရွံ့နေပုံရတဲ့ လိမ္မော်ရောင်နဲ့ အဖြူရောင်စပ်ကြောင်လေးတစ်ကောင်ကို မြင်တွေ့ခဲ့ရပါတယ်။

ကြောင်လေး ပိတ်မိနေတာကို မြင်ရတော့ မိုက်ခ်က ထိတ်လန့်သွားပြီး အန္တရာယ်တောထဲမှာ ကြောင်လေးတစ်ကောင်တည်း မထားခဲ့ချင်ခဲ့ဘူး။ ဒါကြောင့် ကြောင်လေးကို အပြေးအလွှားကယ်တင်ဖို့ လုပ်ခဲ့ပါတယ်။ ဒူးလောက်နစ်တဲ့ရေထဲကို ခုန်ဆင်းပြီး ကြောင်လေးဆီရောက်အောင်သွားဖို့ ကြိုးစားခဲ့ပါတယ်။ ရေစီးသန်နေတဲ့အတွက် ရေစီးကြောင်းကို ဆန့်ကျင်ပြီး သွားခဲ့ရပါတယ်။ ကြောင်လေးနားရောက်သွားခဲ့ပြီး သူ့ရင်ဘတ်နဲ့နီးကပ်စွာ ဆုပ်ကိုင်ပြီး ခေါ်လာခဲ့ပါတယ်။ ကြောင်လေးကို အန္တရာယ်ကင်းကင်းနဲ့ ခေါ်လာနိုင်ခဲ့ပါတယ်။

ကြောင်လေးကို မိုက်ခ်ကယ်တင်နေတာကို မှတ်တမ်းဗီဒီယိုရိုက်ထားခဲ့ပါတယ်။ သူ့ကောင်မလေးက လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီး အဲဒီဗီဒီယိုကို မြင်တွေ့ခဲ့တဲ့သူတွေက မိုက်ခ်ကို ချီးကျူးလို့မဆုံးဖြစ်ခဲ့ကြပါတယ်။ မိုက်ခ်က သူ့ဘဝတစ်လျှောက်လုံး ဒီဒေသမှာ နေထိုင်ခဲ့တဲ့အတွက် ဟာရီကိန်းမုန်တိုင်းဒဏ်ကို ခံရတာ အသားကျခဲ့ပေမဲ့ ဒီတစ်ခေါက်မုန်တိုင်းက လုံးဝကြောက်စရာကောင်းတယ်လို့ ဆိုပါတယ်။ မုန်တိုင်းအတွင်းသောင်တင်ပြီး ပိတ်မိနေမယ့် တိရစ္ဆာန်လေးတွေတော်တော်များများရှိနိုင်တာကြောင့် မိုက်ခ်က စိတ်မအေးနိုင်ဖြစ်နေရှာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သောင်တင်နေတဲ့ ကြောင်လေးတစ်ကောင်ကတော့ အန္တရာယ်ကင်းသွားပြီဖြစ်တဲ့အတွက် ဝမ်းသာနေပါတယ်။ အခုဆို ကြောင်လေးက မိုက်ခ်တို့မိသားစုနဲ့နေထိုင်နေပါတယ်။ ပိုင်ရှင်ကို မတွေ့ရင် ကြောင်လေးကို မွေးထားဖို့ စီစဉ်ထားပါတယ်။

Video ကြည့်ရှုရန်

Ref: Upworthy “Man saves ‘terrified cat’ stuck in Hurricane Ian’s rising waters: ‘He’s
everyone’s boyfriend now’”

WL( ရိုးရာ‌လေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top