နှာမချေအောင် နှာခေါင်းနဲ့ပါးစပ်ကို အတင်းပိတ်ထားတဲ့ အမျိုးသား လေပြွန်ပေါက်သွားလို့ ဆေးရုံရောက်

15.12.23-yyl-4.jpg

နှာမချေအောင် နှာခေါင်းနဲ့ ပါးစပ်ကို အတင်းပိတ်ထားခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ လည်ချောင်းထဲက လေပြွန်ပေါက်သွားလို့ ဆေးရုံ တက်ခဲ့ရပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ အမည်မဖော်လိုတဲ့ အမျိုးသားဟာ ကားမောင်းနေတုန်း နှာချေချင်လာချိန်မှာ နှာမချေအောင် နှာခေါင်းနဲ့ ပါးစပ်ကို လက်နဲ့ပိတ်ထားခဲ့တာဖြစ်ပြီး လေပြွန်မှာ ၂ မီလီမီတာ ပေါက်ပြဲသွားခဲ့လို့ စကော့တလန်နိုင်ငံ၊ ဒန်ဒီးမြို့၊ နိုင်းဝဲလ်ဆေးရုံထံ ပို့ဆောင်ခဲ့ရပါတယ်။

နှာချေချင်တဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို ပိတ်ထားလိုက်ရင် အသက်ရှူလမ်းကြောင်း အပေါ်ဘက်မှာ ဖိအားအဆ ၂၀ နီးပါး ပိုများလာပြီး နားစည်ကွဲတာ၊ သွေးကြောပေါက်ကွဲတာတွေပါ ဖြစ်နိုင်ပါတယ်။

အခုဖြစ်ရပ်မှာတော့ အဲဒီအမျိုးသားဟာ နာကျင်မှုဝေဒနာ အလွန်အမင်း ခံစားရပြီး လည်ပင်းနှစ်ဖက်လုံး ရောင်ရမ်းလာခဲ့ပါတယ်။ သူ့ကို ဆေးရုံ အရေးပေါ် ပို့ဆောင်လိုက်ရပြီး ဆေးရုံရောက်ချိန်မှာ ခေါင်းတောင် သိပ်မလှုပ်နိုင်တော့ပါဘူး။ ဆရာဝန်တွေ စစ်ဆေးကြည့်ချိန်မှာတော့ လည်ချောင်းထဲက အသံ မူမမှန်တာကို တွေ့ရှိခဲ့ပြီး လေပြွန်ပေါက်ပြဲသွားတာကို တွေ့ရှိခဲ့တာပါ။ ဒါဟာ အခန့်မသင့်ရင် အသက်ရှူခြင်းကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

ဆရာဝန်တွေက သူ့ကို ကုသပေးခဲ့ပြီး သီတင်းပတ် ၅ ပတ်ကြာချိန် ပြန်လည်စစ်ဆေးကြည့်ချိန်မှာတော့ ပေါက်ပြဲသွားတဲ့ လေပြွန်က ပြန်ပိတ်သွားတာကို တွေ့ရှိခဲ့ပါတယ်။ နှာချေ၊ ချောင်းဆိုးချိန်မှာ နှာခေါင်းနဲ့ ပါးစပ်ကို အတင်းပိတ်မထားဘဲ တံတောင်အတွင်းပိုင်းနဲ့ အသာအယာ ဖုံးကွယ်ထားဖို့လည်း ဆရာဝန်တွေက အကြံပြုခဲ့ပါတယ်။

Ref:Man Tears Windpipe While Trying to Supress a Sneeze

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top