ဘဝပျက်မလို ဖြစ်နေတဲ့ အနုပညာသမားကို ဒရမ်စက်သစ်တစ်စုံ ဝယ်ပေးခဲ့တဲ့ Metallica

28-2-2022-yyl11.jpg

အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့ သူ အလန့်တကြား ဖြစ်သွားတယ်။ သူ့ရဲ့ထရပ်ကားရော၊ ကားပေါ်တင်ထားတဲ့ ဒရမ်စက်တွေရော မရှိတော့ဘူး။ အဲဒီမြင်ကွင်းကြောင့် သူလည်း မူးမိုက်လဲကျသွားခဲ့တယ်။ ပြီးတော့ သေနတ်မှန်ထားသူတစ်ယောက်လို အော်ဟစ်ညည်းတွားပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့တယ်။

ထရပ်ကားနဲ့ ဒရမ်စက်တွေက သူ့ဘဝပါပဲ။ သူကတော့ ဒရမ်သမား ရှရစ်လို့ လူသိများတဲ့ အန်သိုနီရှရစ် ဖြစ်ပါတယ်။ သူက ထရပ်ကားပေါ် ဒရမ်စက်တွေတင်ပြီး လော့စ်အိန်ဂျလိစ်မြို့မှာ လှည့်လည်ဖျော်ဖြေနေတဲ့ ဂီတသမားတစ်ယောက်ပါ။ ပြီးခဲ့တဲ့လက သူ့တိုက်ခန်းရှေ့မှာ ရပ်ထားတဲ့ ထရပ်ကား ခိုးခံလိုက်ရတာပါ။ အဲဒီနောက်မှာ ရှရစ်က လူမှုကွန်ရက်မှာ အကူအညီတောင်းတယ်။ ” ကျေးဇူးပြုပြီး ခင်ဗျားတို့ဆီမှာ ကျွန်တော်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရှိရင် တင်ပေးကြပါဗျာ။ ကျွန်တော့်ထရပ်ကား ခိုးခံလိုက်ရပြီ” လို့ ရှရစ်က အင်စတာဂရမ်ဗီဒီယိုမှာ ပြောခဲ့တာပါ။

ရက်ပိုင်းအကြာမှာ သူ့ရဲ့ထရပ်ကားကို ရထားလမ်းနားကနေ ပြန်တွေ့တယ်။ ဒါပေမဲ့ ဒရမ်စက်၊ ကားဘက်တ္ထရီ၊ မီးစက်နဲ့ မီးဆိုင်း၊ မီးပန်းတွေတော့ ပြန်မရတော့ပါဘူး။ ကမ္ဘာကျော်တီးဝိုင်း Metallica က ဒီအကြောင်းကို သိသွားပြီး ရှရစ်အတွက် ဒရမ်စက်သစ်တစ်စုံ ပြန်ဝယ်ပေးတယ်။ Metallica ကလည်း လော့စ်အိန်ဂျလိစ်မြို့မှာ ဖွဲ့စည်းခဲ့တဲ့ တေးဂီတအဖွဲ့ပါ။ ” ဘဝတူ အနုပညာသမားတစ်ယောက်ကို ကူညီခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ သီချင်းတွေဆက်လုပ်ပါ ရှရစ်ရေ” လို့ Metallica က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒရမ်စက်က သူ့ဘဝ ဖြစ်ပြီး ဒရမ်စက်မရှိရင် ဘာလုပ်ရမှန်း မသိလောက်အောင် ဖြစ်ရတယ်၊ ဒရမ်တီးရင်း နှလုံးသားနဲ့ စကားပြောတယ်၊ ဒါက သူ့အတွက် ကုထုံးတစ်ခု၊ အသက်ရှင်စေတဲ့အရာတစ်ခုဖြစ်တယ်လို့ ရှရစ်က ပြောခဲ့ဖူးပါတယ်။ အခုတော့ Metallica ရဲ့ ကူညီမှုကြောင့် ရှရစ်က ဒရမ်ဆက်တီးခွင့် ရရှိခဲ့ပါပြီ။ အဲဒီအတွက် Metallica ကို အရမ်းကျေးဇူးတင်တယ်လို့ ရှရစ်က ဆိုပါတယ်။

Ref: Sunnyskyz “Street Musician Whose Drums Were Stolen Gets A New Kit From Metallica”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top