မီချီဂန်ပြည်နယ်က နစ်ခ် ဆိုအာဗီဟာ နှစ်တိုင်း အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် အိမ်ငှားခအများကြီးပေးနေရတာကို စိတ်ကုန်လာခဲ့ပါတယ်။ ဒါကြောင့် ပေါင် ၁၉၂၀၀ အကုန်အကျခံပြီး သူတစ်ယောက်တည်း နေထိုင်လို့ရမယ့်အိမ်အသေးလေးတစ်လုံးကို ကိုယ်တိုင်ဆောက်လုပ်ခဲ့ပါတယ်။ အခုဆို သူက အိမ်ငှားခလည်း ပေးစရာမလိုတော့ပါဘူး။
နစ်ခ်က အသက် ၃၆ နှစ်အရွယ် ဂီတပညာရှင်ဖြစ်တဲ့အပြင် အိမ်အဆောက်အဦးစစ်ဆေးရေးမှူး လည်းဖြစ်ပါတယ်။ သူဟာ အသစ်စက်စက်ပစ္စည်းတွေနဲ့အသုံးပြုပြီးသားပစ္စည်းတွေကို ရောနှောအသုံးပြုပြီး စတုရန်းပေ ၁၈၀ ရှိတဲ့ နောက်တွဲယာဉ်ကို အိမ်အဖြစ်ပြောင်းလဲ ဆောက်လုပ်ခဲ့တာပါ။ အိမ်မဆောက်လုပ်ခင် နစ်ခ်က အွန်လိုင်းကနေ အိမ်အသေးလေးတွေကို ရှာဖွေခဲ့ပြီး YouTube ကနေ အိမ်ဆောက်လုပ်တဲ့ Tutorial ဗီဒီယိုတွေကို ကြည့်ခဲ့ပါတယ်။
နစ်ခ်က အနီးနားကနေ ရှာနိုင်သမျှ အရည်အသွေးကောင်းတဲ့ အိမ်ဆောက်ပစ္စည်းတွေ စုဆောင်းခဲ့ပါတယ်။ ၅၀ ရာခိုင်နှုန်းဟာပြည်တွင်းကုမ္ပဏီတွေက အသစ်စက်စက်ပစ္စည်းတွေဖြစ်ပြီး ၄၀ ရာခိုင်နှုန်းကတော့ အသုံးပြုပြီးသား၊ စုဆောင်းထားတဲ့ ပစ္စည်းတွေပါ။ ၁၀ ရာခိုင်နှုန်းက ကုန်သေတ္တာဆိုင်ကြီးတွေကပါ။
နစ်ခ်က အိမ်ဒီဇိုင်းမဆွဲခင် အွန်လိုင်းကနေ အိမ်အသေးဆောက်လုပ်တဲ့ဗီဒီယိုတွေကို (၂) လလောက်ကြည့်ခဲ့တာပါ။ ဂီတနဲ့ အစားအသောက်က သူ့အတွက် အရေးကြီးတာကြောင့် စတူဒီယိုနဲ့ မီးဖိုချောင်နေရာကို ဦးစားပေးဆောက်လုပ်ရမယ်ဆိုတဲ့ အခြေခံစိတ်ကူးအကြံဉာဏ်ရခဲ့ပါတယ်။
အိမ်အဆောက်အဦးစစ်ဆေးရေးမှူးအလုပ်က အိမ်ဆောက်လုပ်ဖို့ လိုအပ်တဲ့ အသိပညာတွေ ပေးခဲ့ပါတယ်။ အိမ်ဆောက်လုပ်ရာမှာ ကျွမ်းကျင်တဲ့ သူ့ရဲ့အဖေကလည်း ကူညီပေးခဲ့ပါတယ်။ နစ်ခ်ဟာ အရင်ကတည်းက အိမ်ဆောက်လုပ်မှုဆိုင်ရာ ဗဟုသုတများစွာရှိပေမဲ့ ကိုယ်တိုင် တစ်ခါမှ မဆောက်လုပ်ခဲ့ဖူးပါဘူး။
နစ်ခ်က (၆) လအချိန်ယူပြီး သူ့ရဲ့အိမ်အသစ်ကို ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ခန့်မှန်းခြေ ဒေါ်လာ ၂၃၀၀၀ (ပေါင် ၁၉၂၀၀) ကုန်ကျခဲ့ပါတယ်။ ဒီငွေပမာဏကို အိမ်အဆောက်အဦးစစ်ဆေးတဲ့အလုပ်လုပ်ပြီး စုဆောင်းခဲ့တာပါ။
လက်ရှိ ဆောက်လုပ်ထားတဲ့ အိမ်ရဲ့မြေနေရာကို ငှားရမ်းပြီး အိမ်ငှားခကြောင့် ထွက်တဲ့ အသုံးစရိတ်ကို သိသိသာသာ လျှော့ချနိုင်ခဲ့ပါတယ်။ ဒန်ဗားမြို့မှာ နေရာလေးတစ်ခုငှားပြီး နေထိုင်ဖို့အတွက် တစ်လကို ဒေါ်လာ ၁၀၀၀ သုံးခဲ့ရပါတယ်။ ရေဖိုး၊ မီးဖိုးက တစ်လကို ဒေါ်လာ ၂၅၀ ပါ။ နစ်ခ်ရဲ့ စုစုပေါင်းစုဆောင်းငွေကတော့ တစ်နှစ်ကို ဒေါ်လာ ၉၆၀၀ ပါ။
နစ်ခ်က သူလုပ်ခဲ့တဲ့အရာဟာ ဘယ်သူမဆို လုပ်နိုင်တဲ့အရာဆိုတာကို လူတိုင်း သိစေချင်နေတာပါ။ နစ်ခ်က အိမ်ငှားခအများကြီးပေးနေထိုင်နေရတဲ့ အခြားသူတွေကိုလည်း အခုလိုပြောထားပါတယ်။ “အိမ်ငှားခ၊ ရေဖိုးမီးဖိုး ပေးဆောင်ဖို့အတွက် သူတို့ တစ်ပတ်ကို နာရီ အများကြီး အလုပ်လုပ်နေရတာက တန်ရဲ့လားလို့ ကိုယ့်ကိုယ်ကို မေးသင့်တယ်လို့ထင်တယ်။ သူတို့ရဲ့ဝါသနာနောက်လိုက်ဖို့အတွက် အချိန်ပေးပြီး အလုပ်လုပ်ရတာကို သူတို့ ပိုပျော်မယ်မလား”တဲ့။
Ref: TheMirror “Man tired of paying huge bills builds tiny house for £19,000 and lives rent free”
NZ(ရိုးရာလေး)