ဝန်ထမ်းတွေ တုံ့ဆိုင်းမှုမရှိဘဲ ကလေးတွေကို ကယ်တင်ပေးခဲ့လို့ သေနတ်သမားရဲ့အန္တရာယ်ကနေ လွှတ်မြောက်ခဲ့ရ

14-6-2022-yyl07.jpg

ဇွန်လ ၁၃ ရက်နေ့က တက္ကဆပ်ပြည်နယ်မှာ နွေရာသီစခန်းသွင်းလေ့ကျင့်ပေးနေတဲ့ အားကစားခန်းမအတွင်း သေနတ်ကိုင်ဆောင်ထားတဲ့လူတစ်ဉီး ဝင်ရောက်ခဲ့ပါတယ်။ အဆောက်အဉီးထဲ သေနတ်သမားဝင်လာခဲ့တဲ့အချိန် နွေရာသီလေ့ကျင့်ရေးစခန်းဝန်ထမ်းတွေက တုံ့ဆိုင်းမနေဘဲ မြန်မြန်ဆန်ဆန်ပဲ ကလေးတွေကို ဘေးကင်းတဲ့နေရာဆီ ခေါ်သွားခဲ့ပါတယ်။ ဝန်ထမ်းတွေရဲ့မြန်မြန်တွေးခေါ်နိုင်စွမ်းကြောင့် ကလေးတွေ ထိခိုက်ဒဏ်ရာမှမရဘဲ အသက်ဘေးက လွှတ်မြောက်ခဲ့ပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိပြီး မိနစ်ပိုင်းအတွင်း ရဲတပ်ဖွဲ့တွေက သေနတ်သမားကို သေနတ်နဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ Duncanville မြို့တော်ဝန် ဘယ်ရီ ဂေါ်ဒန်က ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေက တုံ့ဆိုင်းမနေခဲ့ဘူး။ သူတို့ကို လေ့ကျင့်ပေးထားခဲ့တဲ့အတိုင်း လုပ်ခဲ့ပြီး အသက်တွေကို ကယ်တင်ခဲ့ပါတယ်”လို့ မြို့တော်ဝန်က ဆိုပါတယ်။ နွေရာသီစခန်းမှာ အသက် (၄) နှစ် ကနေ အသက် (၁၄) နှစ်ကြား ကလေးတွေနဲ့ ဝန်ထမ်းတွေ အပါအဝင် လူ (၂၅၀) ကျော်ရှိခဲ့တယ်လို့ Duncanville ရဲဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စခန်းသွင်းလေ့ကျင့်ရေးနည်းပြတစ်ဉီးက မိုးလုံလေလုံအားကစားခန်းမရဲ့ဧည့်ကြိုကောင်တာမှာ သေနတ်သမားကို ထိပ်တိုက်တွေ့ခဲ့ပြီး ဆွေးနွေးပြောဆိုခဲ့ပါတယ်။ ဧည့်ကြိုကောင်တာမှာ သေနတ်သံကြားတာနဲ့ ခန်းမအတွင်းမှာရှိတဲ့ ဝန်ထမ်းတွေက ကလေးတွေကို ဘေးကင်းတဲ့နေရာဆီ ခေါ်သွားခဲ့ပြီး သေနတ်သမား အထဲဝင်မလာနိုင်အောင် တားဆီးတဲ့အနေနဲ့ တံခါးတွေကို သော့ခတ်ခဲ့တယ်။ သေနတ်သမားက ခန်းမအတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမဲ့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ဒုရဲချုပ် မက်သရူး စတိုဂျ်နာက ပြောပါတယ်။ သေနတ်သမားနဲ့ တွေ့ဆုံမိခဲ့တဲ့ စခန်းသွင်းလေ့ကျင့်ရေးနည်းပြလည်း ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။

ရဲဌာနက ဖုန်းလက်ခံရရှိပြီး ၂ မိနစ်အတွင်း အခင်းဖြစ်ပွားတဲ့နေရာကို ရောက်ရှိလာခဲ့တာပါ။ အမည်မသိသေနတ်သမားကို ဒေသတွင်းဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပေမဲ့ သေဆုံးသွားခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။

Ref: ABCNews “Quick-thinking staffers save camp children from suspected gunman in Texas”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top