Emmy ဆုပေးပွဲမှာ အဓိကဆုကြီးတွေ ဆွတ်ခူးခဲ့တဲ့ Squid Game မင်းသား လီဂျောင်ဂျေးနဲ့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ်

13.9-2022-yyl-03.jpg

ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့ပါးစပ်ဖျားမှာ ပြောစမှတ်ပြုခဲ့တဲ့ Netflix ဇာတ်လမ်းတွဲ Squid Game ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Emmy ဆုပေးပွဲမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ အဲဒီဇာတ်ကားနဲ့ မင်းသား လီဂျောင်ဂျေးက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုနဲ့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့ခ်က အကောင်းဆုံးဒါရိုက်တာဆု ဆွတ်ခူးခဲ့ပါတယ်။

ဒီဆုကို လက်ခံပြီးနောက် လီဂျောင်ဂျေးက “ကျွန်တော်တို့အားလုံးကြုံတွေ့နေရတဲ့ လက်တွေ့ကျတဲ့ပြဿနာကို ဇာတ်ညွှန်းကောင်းကောင်းအပြင် အံ့ဩစရာကောင်းတဲ့ တင်ဆက်မှုတွေနဲ့ ဖန်သားပြင်ပေါ်မှာ အသက်ဝင်လာအောင် ဖန်တီးပေးခဲ့တဲ့အတွက် ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်ကို ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
သူက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအမျိုးအစားမှာ အဲဒီဆုရရှိခဲ့တဲ့ ပထမဆုံးကိုရီးယားမင်းသားဖြစ်ပါတယ်။ ဆန်ခါတင်စာရင်းဝင် ဘော့ဘ် အိုဒန်ခရစ်ခ် (Better Call Saul)၊ ဂျေဆင် ဘိတ်မန်း (Ozark)၊ ဂျရမီ စထောင်း (Succession)၊ အာဒမ် စကော့တ် (Severance) နဲ့ ဘရိုင်ယန်ကော့ (Succession) တို့ကို ကျော်ပြီး အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိသွားခဲ့တာပါ။

အကောင်းဆုံးဒါရိုက်တာဆုရရှိခဲ့တဲ့ ဒါရိုက်တာဟွမ်ဒုန်ဟော့ခ်ကလည်း အကောင်းဆုံးဒါရိုက်တာအဖြစ် သူ့ရဲ့ Emmy ဆုက သူ့ရဲ့နောက်ဆုံးဆုမဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ထာဝရလူကြည့်အများဆုံး Netflix စီးရီးဖြစ်တဲ့ Squid Game က Emmy ဆုပေးပွဲမှာ အကောင်းဆုံးဒရာမာစီးရီးအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့စီးရီးဖြစ်ခဲ့တဲ့အပြင် ဆန်ခါတင် (၁၄) ခုလည်းဝင်ခဲ့ပါတယ်။

Squid Game က ဆုကြေးငွေ ဝမ် ၄၅.၆ ဘီလျံ (ဒေါ်လာ သန်း ၄၀) ရဖို့အတွက် ဂိမ်းတွေကစားပြီး အသက်ရှင်လွှတ်မြောက်ဖို့ကြိုးစားရတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထွက်ရှိခဲ့တာပါ။

Ref: CNN “Emmy wins for ‘Squid Game’ actor Lee Jung-jae and director Hwang Dong-hyuk”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top