သမ္မတရွေးကောက်ပွဲ အနိုင်ရရင် ဒူတာတေးအစိုးရအဖွဲ့ အရာရှိတွေကို အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်မယ်လို့ ပက်ကွီအို ဆို

philippine-president.jpg

လာမယ့်နှစ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဒူတာတေးအစိုးရအဖွဲ့ထဲမှာ ပါတဲ့ သူ့ရဲ့နိုင်ငံရေးမိတ်ဖက်ဟောင်းတချို့ကို အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်သွားမယ်လို့ ဖိလစ်ပိုင်လက်ဝှေ့သမားဟောင်း ပက်ကွီအိုက ပြောပါတယ်။

နိုဝင်ဘာလ ၁၁ ရက်က CNN သတင်းဌာနနဲ့ အင်တာဗျူး အစီအစဉ်မှာ ပက်ကွီအိုက အခုလို ပြောခဲ့တာပါ။ ” အကျင့်ပျက်ခြစားတဲ့ အရာရှိအားလုံးကို ထောင်ချရမှာပါ။ အဲဒီလို လုပ်မှာပဲ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးတိုးတက်လာမယ်။ ဘာလို့လဲဆိုရင် အကျင့်ပျက်ခြစားမှုတွေက ဖိလစ်ပိုင်နိုင်ငံအတွက် ကင်ဆာလို ဖြစ်နေတယ်။ တိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်” လို့ ပက်ကွီအိုက ပြောပါတယ်။ ၂၀၂၂ ခုနှစ် မေလ ၉ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကို လာမယ့်နှစ် ဖေဖော်ဝါရီလမတိုင်ခင် စတင်မှာ မဟုတ်ပေမဲ့ အခုအချိန်ကတည်းက အရှိန်မြင့်တက်နေပါပြီ။

သမ္မတရွေးကောက်ပွဲ အနိုင်ရမယ်လို့ ရေပန်းစားနေသူတွေထဲမှာ အာဏာရှင်ဟောင်း မားကို့စ်ရဲ့သားဖြစ်သူ ဖာဒီနန် ဘွန်ဘွန် မားကို့စ်လည်း ပါပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို ဆယ်စုနှစ် ၂ ခုခွဲကြာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် မားကို့စ်ဟာ ဘီလျံချီ ခိုးယူခဲ့တယ်လို့ စွပ်စွဲခံရသူဖြစ်ပြီး သူ့လက်ထက်မှာ လူထောင်ချီကို ထောင်သွင်းအကျဉ်းချ၊ နှိပ်စက်ခဲ့သူပါ။ မားကို့စ်မိသားစုဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ခိုးယူခဲ့တယ်လို့ ကျွမ်းကျင်သူတချို့က ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ သူတို့မိသားစုအပေါ် စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ဖာဒီနန် ဘွန်ဘွန် မားကို့စ်က တုံ့ပြန်ထားပါတယ်။

ပက်ကွီအိုရဲ့ မဲဆွယ်ကတိတွေထဲမှာ မားကို့စ်မိသားစု ခိုးယူခဲ့တဲ့ ပိုင်ဆိုင်မှုတချို့ကို ပြန်လည်သိမ်းဆည်းနိုင်အောင် ကြိုးစားသွားမယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ” ကျွန်တော် မကြောက်ပါဘူး။ ဒါဟာ ကျွန်တော့်နိုင်ငံကို တိုးတက်စေဖို့၊ ဖိလစ်ပိုင်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေ စဉ်ဆက်မပြတ် ခိုးယူနေသူတွေကို ထောင်သွင်းအကျဉ်းချနိုင်ဖို့ လုပ်ဆောင်မယ့် ကျွန်တော့်တိုက်ပွဲပါ” လို့ ပက်ကွီအိုက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ရွေးကောက်ပွဲတွေမှာ ” နိုင်သူအကုန်ယူ ” (first-past-the-post )ဆိုတဲ့ စနစ်ကျင့်သုံးတာဟာ ပက်ကွီအိုအတွက် အားသာချက်ဖြစ်စေနိုင်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ ပိုလီတက္ကနစ်တက္ကသိုလ်ရဲ့ နိုင်ငံရေးဆိုင်ရာ တွဲဖက်ပါမောက္ခ ရစ်ချက်ဟေးဒါရီယန်က သုံးသပ်ခဲ့ပါတယ်။

သမ္မတ ဒူတာတေးလက်ထက် ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ပက်ကွီအိုရဲ့ နိုင်ငံရေးအရှိန်အဝါ ကြီးထွားလာခဲ့ပေမဲ့ ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ သူတို့ ၂ ယောက်ကြား ဆက်ဆံရေး မချောမွေ့ခဲ့ပါဘူး။ ပြီးခဲ့တဲ့မတ်လမှာ တရုတ်နိုင်ငံနဲ့ ရေကြောင်းပိုင်ဆိုင်မှု အငြင်းပွားတာနဲ့ပတ်သက်ပြီး ဒူတာတေးရဲ့ ရပ်တည်ချက်ကို ပက်ကွီအိုက ဝေဖန်ခဲ့သလို အစိုးရဌာနတွေက အကျင့်ပျက်ခြစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အာဏာရ PDP-Laban ပါတီအတွင်း ဆက်ဆံရေး အဆင်မပြေတဲ့ လက္ခဏာတွေ ရှိလာခဲ့တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်ရချိန်မှာ ဒူတာတေးအစိုးရရဲ့ ကိုင်တွယ်ပုံကိုလည်း ပက်ကွီအိုက မေးခွန်းထုတ်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်သူတွေကို ပေးအပ်မယ့် ကပ်ရောဂါကာလ ထောက်ပံ့ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ လည်း ပျောက်ဆုံးနေတယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လမှာ ပက်ကွီအိုက ပြောခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအမြတ်ထုတ်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သက်သေပြဖို့အတွက် အကျင့်ပျက်ခြစားတဲ့ အရာရှိတွေကို နာမည်တပ်ပြောဖို့ ဒူတာတေးက တုံ့ပြန်ခဲ့ပါတယ်။

Ref : CNN ” Manny Pacquiao says he’ll jail former allies if he wins Philippine presidency “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top