မာရီလင် မွန်ရိုးရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို လေလံတင်ရောင်းချမယ်

24-11-2022yyl01.jpg

တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဂန္တဝင်မင်းသမီး မာရီလင် မွန်ရိုးနဲ့ ဆက်စပ်တဲ့ ပစ္စည်း ၁၇၅ ခုကျော်ကို လေလံတင်ရောင်းချတော့မှာပါ။ အဲဒီပစ္စည်းတွေကို လေလံတင်ရောင်းချဖို့အတွက် Julien’s Auctions and TCM Present: Icons & Idols Hollywood ခေါင်းစဉ်နဲ့ လေလံပွဲကို နောက်လကျ အပြင်မှာရော၊ အွန်လိုင်းမှာပါ တိုက်ရိုက်ကျင်းပသွားမှာပါ။

လေလံတင်ရောင်းချမယ့် မာရီလင်ရဲ့ထူးခြားတဲ့ပစ္စည်းတွေထဲက တစ်ခုဟာ သူ့ရဲ့ဖခင် ချာလီ စတန်လေး ဂစ်ဖို့ဒ် (DNA စစ်ဆေးမှုကတဆင့် မာရီလင်ရဲ့ဖခင်ဖြစ်ကြောင်း သက်သေပြ) ဆီက လက်ရေးစာတိုတစ်စောင်ပါ။ မာရီလင် ဆေးရုံတက်နေစဉ် ဂစ်ဖို့ဒ်က သူ့ဆီ ဒီလက်ရေးစာနဲ့ကတ်ကို ပို့ပေးခဲ့တာလို့ ယုံကြည်ရပါတယ်။ Julien’s Auctions မှာ လေလံတင်ဖို့ မာရီလင်ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို ပြင်ဆင်နေရင်း ဒီကတ်ကို မတော်တဆ တွေ့ရှိခဲ့တာဖြစ်တယ်လို့ မာရီလင် မွန်ရိုးရဲ့ပစ္စည်းစုဆောင်းသူ စကော့ ဖော့နာက ပြောပါတယ်။

ဒါက မာရီလင်နဲ့ ဂစ်ဖို့ဒ်တို့ကြား ဆက်ဆံရေးအတွက် တစ်ခုတည်းသော လူသိများတဲ့ မှတ်တမ်းအထောက်အထားဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်လာ ၂၀၀၀ – ဒေါ်လာ ၃၀၀၀ နဲ့ ရောင်းချမယ့် ဒီကတ်ရဲ့အရှေ့ဘက်မှာ ဂီတသံစဉ်ပေါ် မတ်တပ်ရပ်နေတဲ့ ကလေးမလေးတစ်ဦးရဲ့ပုံဖြစ်ပြီး အတွင်းဘက်မှာ လက်ရေးစာပါရှိပါတယ်။

လေလံတင်ရောင်းချမယ့် အခြားပစ္စည်းတွေမှာ မာရီလင် ပိုင်ဆိုင်ခဲ့တဲ့ နှုတ်ခမ်းနီတောင့်၊ မျက်တောင်တု၊ eye shadow အပြင် ဝတ်စုံများစွာလည်း ပါဝင်ပါတယ်။ တချို့ပစ္စည်းတွေကို နောက်ဆုံးလေလံဈေးအနေနဲ့ ဒေါ်လာ ၈၀၀၀၀ အထိ မျှော်မှန်းထားပါတယ်။ မာရီလင်ရဲ့ပစ္စည်းတွေကို ပိုင်ဆိုင်လိုချင်တဲ့သူတွေက မှတ်စု/စာအမျိုးမျိုး၊ ဓာတ်ပုံတွေ၊ သူ့ရဲ့ကိုယ်ရေးကိုယ်တာမှတ်တမ်းစာအုပ်၊ သူ့ရဲ့နောက်ဆုံး Screen Actors Guild အဖွဲ့ဝင်ကတ်နဲ့ မာရီလင် လုပ်ဆောင်ခဲ့တဲ့ အလှအပခွဲစိတ်ပြုပြင်မှုဆိုင်ရာဆေးမှတ်တမ်းဖိုင်တွေကိုလည်း လေလံဆွဲနိုင်ပါတယ်။

Julien’s Auctions and TCM Present: Icons & Idols Hollywood လေလံပွဲကို ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာ အပြင်မှာရော အွန်လိုင်း Julienautions.comမှာပါတိုက်ရိုက်ကျင်းပသွားမှာဖြစ်ပါတယ်။ လေလံဆွဲချင်သူတွေက juliensauctions.com/register-to-bid မှာ ပွဲနေ့မတိုင်ခင် အွန်လိုင်းမှာ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။

Ref: People “Marilyn Monroe’s Personal Belongings to Be Auctioned — Including Note from Her Father Stanley Gifford”

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top