မကြာခဏဆိုသလို သွားကြိတ်တတ်တဲ့အကျင့်ဖြစ်နေပြီလား

shutterstock_163824281-2.jpg

ဒီအခြေအနေကို Bruxism လို့ ခေါ်ပါတယ်။ အပေါ်သွားနဲ့ အောက်သွားတွေကို ပွတ်ပြီးကြိတ်တာ၊ အံကိုတင်းတင်းကြိတ်တဲ့ လက္ခဏာမျိုးပေါ့။ ပုံမှန်အားဖြင့် နိုးထနေစဉ် တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲသွားကြိတ်မိခြင်း (Awake Bruxism) နဲ့ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism) ဆိုပြီး အမျိုးအစား (၂) မျိုးရှိပါတယ်။

၁။ နိုးထနေစဉ် သွားကြိတ်ခြင်း (Awake Bruxism)

တချို့လူတွေ စိတ်ဆိုး၊ ဒေါသထွက်တဲ့အခါ ကိုယ်တိုင်ကမသိလိုက်ဘဲ အံကိုတင်းတင်းကြိတ်တဲ့အကျင့်ဖြစ်လာပါတယ်။ ဒီအကျင့်ကကြာလာတဲ့အခါ သိသိကြီးနဲ့ သွားကြိတ်တာလည်းဖြစ်နိုင်သလို လုံးဝသတိမထားမိဘဲ အံသွားက အကျင့်ပါသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ခံစားချက် ပိုင်းဆိုင်ရာပြဿနာတွေ ဥပမာ – စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာ၊ ဒေါသ၊ စိတ်ညစ်တာ၊ စိတ်ရှုပ်တာ၊ စိတ်ကိုတင်းထားတဲ့အခြေအနေတွေ မှာပိုအဖြစ်များသလို အာရုံစူးစိုက်နေတဲ့အချိန်မှာ သွားကြိတ်လိုက်တာမျိုးလည်းရှိပါတယ်။

၂။ အိပ်ပျော်နေစဉ် သွားကြိတ်ခြင်း (Sleep Bruxism)

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတဲ့အချိန်မှာ ဖြစ်လာတတ်တဲ့အမူအကျင့်မျိုးဖြစ်ပါတယ်။ အိပ်မက်မက်နေစဉ်၊ လိင်ပိုင်းဆိုင်ရာ အိပ်မက်တွေမက်နေတဲ့ အချိန်မှာ ခံတွင်းရဲ့ အံသွားက သူ့အလိုလိုကြိတ်နေတတ်ပါတယ်။ ဒီလိုအိပ်နေစဉ် သွားကြိတ်တဲ့သူတွေမှာ ဟောက်တာ၊ အိပ်နေစဉ်အသက်ရှူရပ်သွားတာ မျိုးလည်း ရှိပါတယ်။

သွားကြိတ်တတ်တဲ့အကျင့်ရှိလားဆိုတာ ဘယ်လိုသိနိုင်မလဲ

ကိုယ်သွားကြိတ်နေတဲ့အသံက ဘေးမှာအိပ်နေတဲ့သူကိုတောင် လန့်နိုးလာစေလောက်တဲ့အထိ အသံကျယ်နေတာ၊ သွားရဲ့ အောက်နား အပေါ်နားတွေက အချွန်လေးလိုမဟုတ်တော့ဘဲ ပြန့်နေတာ ပဲ့နေတာ၊ သွားကချောင်ပြီး လှုပ်စိစိဖြစ်လာတာ၊ သွားအပေါ်ယံကြွေလွှာတွေပါးလာတာ၊ မကြာခဏ သွားကိုက် တာ၊ သွားကျဉ်တာ၊ တစ်ခုခုဆိုရင် သွားကထိခိုက်လွယ်တာ၊ သွားဖုံးကြွက်သားတွေ နာကျင်နေတာ၊ မေးရိုးအပြင် လည်ပင်းနဲ့ ပါးတစ်ဝိုက်မှာ ကိုက်နေသလို ဖြစ်တာ၊ နားကိုက်နေသလို ခံစားရတာ၊ ခေါင်းအနည်းငယ်ကိုက်တာ၊ ညဘက်မှာ ကောင်းစွာအိပ်မပျော်တာ စတဲ့လက္ခဏာတွေ တွေ့ရပြီ ဆိုရင် ကိုယ့်မှာ သွားကြိတ်တတ်တဲ့အကျင့်ရှိတာသေချာပါပြီ။

သွားကြိတ်တတ်တာ စိုးရိမ်စရာရှိလား

ပုံမှန်အားဖြင့်တော့ ဒီအကျင့်ဟာ တခြားသူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေပေမဲ့ ကာယကံရှင်အတွက်တော့ အစာစားတဲ့အခါ ပြဿနာ တစ်စုံတစ်ရာမဖြစ်စေတာမို့ စိတ်ပူဖို့မလိုသလို ကုသမှုလည်း ခံယူစရာမလိုအပ်ပါဘူး။ ရံဖန်ရံခါ အခြေအနေမျိုးမှာ သွားကြိတ်တဲ့အကျင့်ကြောင့် မေးရိုးနဲ့ သက်ဆိုင်တဲ့ပြဿနာတွေ၊ ခေါင်းကိုက်တာ၊ သွားတွေပျက်စီးကျိုးပဲ့တာဖြစ်လာပြီဆိုရင် တော့ ကုသမှုခံယူသင့်ပါတယ်။ အထူးသဖြင့် အိပ်နေစဉ် သွားကြိတ်တတ်တဲ့သူတွေမှာ ကိုယ်တိုင်က ဒီလိုအကျင့်မျိုးရှိမှန်း မသိတာကြောင့် မိသားစုဝင်တွေအနေနဲ့ ဒီကိစ္စကိုအသိပေးဖို့လိုပါတယ်။

ငယ်သေးတဲ့ကလေးတွေသွားကြိတ်တတ်ရင်တော့ မေမေတွေအနေနဲ့ သွားဆရာဝန်ဆီ အမြန်ဆုံးသွားပြပေးဖို့လိုအပ်တယ်နော်။ ကလေးတွေမှာ အဖြစ်များ တာမှန်ပေမဲ့ ဆယ်ကျော်သက်နဲ့ အသက် (၂၀) နောက်ပိုင်းမှာတော့ သူ့အလိုလို ပျောက်ကင်းသွားတာမျိုးတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ သွားဆရာဝန်ဆီ (၆) လ သို့မဟုတ် တစ်နှစ်တစ်ကြိမ် ပုံမှန်ပြသပေးပါ။ သွားကြိတ်တဲ့အကျင့်ရှိရင် ရာဘာအံစွပ်လေးတွေအသုံးပြုမယ်ဆိုလည်း အဆင်ပြေ ပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top