သီရိလင်္ကာ ပြည်တွင်းစစ်ကာလက ပျောက်ဆုံးခဲ့သူတွေ သေဆုံးပြီလို့ သီရိလင်္ကာသမ္မတ ပထမဆုံးအကြိမ် ထုတ်ပြော

yyl-015-12.jpg

သီရိလင်္ကာပြည်တွင်းစစ်ကာလအတွင်း ပျောက်ဆုံးခဲ့သူ ၂၀,၀၀၀ ကျော် သေဆုံးခဲ့ပြီလို့ သီရိလင်္ကာသမ္မတက ပထမဆုံးအကြိမ် ထုတ်ပြောခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံမြို့တော် ကိုလမ်ဘိုမြို့မှာ ကုလသမဂ္ဂသံတမန်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ သီရိလင်္ကာသမ္မတ ရာဂျာပါဆာက အခုလို မှတ်ချက်ပေးခဲ့တာပါ။

ပြည်တွင်းစစ်ကာလအတွင်း ပျောက်ဆုံးခဲ့သူတွေအတွက် သေစာရင်း ထုတ်ပေးနိုင်ဖို့ လိုအပ်တာတွေ လုပ်ဆောင်ပေးသွားမယ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကာလအတွင်း ပျောက်ဆုံးခဲ့သူတွေ ဘယ်နေရာမှာ ရှိနေလဲဆိုတာ သိချင်တယ်လို့ ပျောက်ဆုံးသူတွေရဲ့မိသားစုရာပေါင်းများစွာက တောင်းဆိုခဲ့ဖူးပါတယ်။ မိသားစုတော်တော်များများကတော့ သူတို့ရဲ့ဆွေမျိုးသားချင်းတွေ အသက်ရှင်နေပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ထိန်းသိမ်းမှု ခံထားရတယ်လို့ ယူဆခဲ့ကြပါတယ်။ အဲဒီအယူအဆကို သီရိလင်္ကာအစိုးရက ပယ်ချခဲ့ပါတယ်။

၂၀၀၉ ခုနှစ် မေလမှာ သီရိလင်္ကာစစ်တပ်က တမီလ်ကျား လက်နက်ကိုင်တွေကို တိုက်ခိုက်ချေမှုန်းပြီး (၂၆)နှစ်ကြာ သွေးချောင်းစီးခဲ့ရတဲ့ သီရိလင်္ကာပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့ပါတယ်။ ပြည်တွင်းစစ်ကြောင့် သီရိလင်္ကာနိုင်ငံမှာ မျိုးနွယ်စုအလိုက် သွေးကွဲမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ပြည်တွင်းစစ်မှာ လူ ၁၀၀၀၀၀ သေဆုံးခဲ့တယ်လို့ ခန့်မှန်းခဲ့ကြပြီး တမီလ်မျိုးနွယ် အများစုအပါအင် လူ ၂၀၀၀၀ ပျောက်ဆုံးခဲ့ပါတယ်။ သီရိလင်္ကာသမ္မတ ရာဂျာပါဆာဟာ ပြည်တွင်းစစ်ကာလမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top