TikTok မှာ လူအများရဲ့စိတ်ဝင်စားမှုကို ရရှိနေတဲ့ အီမျူးငှက်

2-8-2022-yyl11.jpg

အီမန်နျူရယ် တော့ဒ် လိုပက်ဇ် က TikTok မှာ မြန်မြန်ဆန်ဆန်ပဲ နာမည်ကြီးလာခဲ့တဲ့ အီမျူးငှက် (သို့) ငှက်ကုလားအုတ်ပုတစ်ကောင်ပါ။ သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ တေလာ ဘလိတ်ခ် ဖွင့်ထားတဲ့ TikTok အကောင့်နဲ့ အီမန်နျူရယ်က လူသိများသွားခဲ့တာပါ။ သူက တမူးထူးခြားတဲ့ အီမျူးငှက်တစ်ကောင်လည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်ကမှ တေလာက သူ့အဘိုးအဘွားရဲ့ခြံအတွက် @knucklebumpfarms ဆိုတဲ့ TikTok အကောင့်တစ်ခုကို ဖန်တီးခဲ့တာပါ။ အစကတော့ ခြံရဲ့ချစ်စရာကောင်းတဲ့ နွားမလေးရဲ့ Video တွေကို TikTok အကောင့်မှာ ရိုက်ပြီး အများဆုံးတင်ခဲ့တာပါ။နောက်ပိုင်းကျတော့ အီမန်နျူရယ်က TikTok မှာ နေရာယူလာခဲ့ပါတယ်။ တေလာဗီဒီယိုရိုက်နေတာကို နှောင့်ယှက်ပြီး ဖုန်းမျက်နှာပြင်ကို အီမန်နျူရယ် စိုက်ကြည့်နေတဲ့ ဗီဒီယိုက သူ ပထမဆုံးပါဝင်လာခဲ့တဲ့ TikTok ဗီဒီယိုပါပဲ။

အီမန်နျူရယ်က ဖုန်းတွေကို မကြိုက်ဘူးလို့ တေလာရဲ့ပြောစကားအရ သိရပါတယ်။ သူ့ကို ၁၀၀ ရာခိုင်နှုန်း အရေးမစိုက်ဘဲ ဖုန်းကိုပဲ ကိုင်နေတာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ တေလာရဲ့ဖုန်းကင်မရာရှေ့မှာနှောင့်ယှက်တာကနေစပြီး TikTok အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိသွားခဲ့ပါတယ်။ အီမန်နျူရယ်ကြောင့် တေလာရဲ့အဘိုးအဘွားခြံရဲ့ TikTok အကောင့်က ဖော်လိုဝါ ၁.၈ သန်းဖြစ်သွားခဲ့ပါတယ်။

အီမန်နျူရယ်က အသက် (၇) နှစ်ရှိပြီး ၅ ပေ ၈ လက်မလောက် ရှည်ပါတယ်။ သူ ပေါက်စလေးအဖြစ် ခြံထဲကို ပြောင်းလာကတည်းက တေလာနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားခဲ့တာပါ။ သူတို့ရဲ့ခင်မင်ရင်းနှီးမှုက ဗီဒီယိုတွေကို ပိုပြီးကောင်းစေပါတယ်။အီမန်နျူရယ်က တေလာနဲ့အတူ တစ်နေ့တာကို ကုန်ဆုံးဖြစ်ပါတယ်။ နေ့လည်ခင်းဆို သစ်ပင်အောက်မှာ တစ်ရေးတစ်မော အတူတူအိပ်စက်လေ့ရှိပါတယ်။ အီမျူးငှက်က ထူးခြားတယ်ဆိုတာ တေလာသိခဲ့ပေမဲ့ ခြံရဲ့TikTok စတားဖြစ်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး။

အသုံးပြုသူတွေက အီမန်နျူရယ်ကို ဗီဒီယိုမှာပါဝင်ဖို့ လေ့ကျင့်ပေးထားတယ်လို့ ပြောကြပါတယ်။ လေ့ကျင့်ထားတာမဟုတ်ဘဲ ဖုန်းကင်မရာမှာ သူ့သဘာဝအတိုင်း ပြုမူလုပ်ဆောင်တာဖြစ်တယ်လို့ တေလာက ဆိုပါတယ်။ အီမန်နျူရယ်က ခြံထဲမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် နေထိုင်ပြီး သူ့ရဲ့ TikTok ဗီဒီယိုတွေကို သဘာဝအတိုင်း ရိုက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

တေလာက အီမန်နျူရယ်ဟာ ပျော်ရွှင်မှုတွေကို ကမ္ဘာအနှံ့ဖြန့်ကျက်ဖို့ ကူညီပေးနေတဲ့အတွက် သဘောကျနေပါတယ်။ “ဒါနဲ့ပတ်သက်ပြီး ကျွန်မ အပျော်ရွှင်ဆုံးအရာက လူတွေဆီ ပျော်ရွှင်မှုတွေယူလာပြီး ကမ္ဘာအနှံ့ဖြန့်ကျက်ပေးနေတဲ့ ဗီဒီယိုကို ဖန်တီးနေတာကို သိလိုက်ရတာပါ။ အဲဒီအတွက် အရမ်းအရမ်း ကျေးဇူးတင်မိတယ်”တဲ့။

Ref: Meet Emmanuel, the ‘Quirky’ and Curious Emu Who Has Taken Over TikTok

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top