ကျောင်းမှာတုန်းက မွေးနီမလို့ လှောင်ပြောင်ခံခဲ့ရတဲ့ ကောင်မလေး Miss England အဖြစ် ရွေးချယ်ခံရ

19-10-2022-yyl-04.jpg

အနီရောင် ဆံပင်ကောက်ကောက်လေးတွေကြောင့် အလယ်တန်းကျောင်းမှာတုန်းက ” မွေးနီမ”လို့ လှောင်ပြောင်၊ အနိုင်ကျင့်ခံခဲ့ရတဲ့ ကောင်မလေးဟာ အခုအခါမှာတော့ မယ်စကြဝဠာပြိုင်ပွဲအတွက် အင်္ဂလန်ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်ခံခဲ့ရပါပြီ။အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ဂျက်ဆီကာဂါဂျင်ဟာ Miss England ပြိုင်ပွဲမှာ တခြားပြိုင်ပွဲဝင် ၃၀ ကို ကျော်ဖြတ်ပြီး Miss England အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

၉၄ နှစ်ကြာမြင့်တဲ့ Miss England ပြိုင်ပွဲသမိုင်းတစ်လျှောက် မွေးရာပါ အနီရောင်ဆံပင်ရှိသူတစ်ယောက် အလှမယ်သရဖူဆောင်းခွင့်ရတာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ဂျက်ဆီကာဟာ လီဗာပူးတက္ကသိုလ်မှာ လေကြောင်းအင်ဂျင်နီယာဘာသာရပ်နဲ့ မဟာဘွဲ့သင်တန်း တက်ရောက်နေသူပါ။ ” အလယ်တန်းကျောင်းတုန်းက ဆံပင်နီလို့ တစ်ချိန်လုံး စနောက်ခံခဲ့ရတယ်။ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲမှာ ကျွန်မ ဒီအကြောင်း သိပ်မပြောဖြစ်ခဲ့ဘူး။ ကျွန်မက အဆိုးတွေကို အတိတ်မှာ ချန်ထားခဲ့တာ အကောင်းဆုံးပဲလို့ ယုံကြည်ထားသူမို့ပါ” လို့ ဂျက်ဆီကာက ဆိုပါတယ်။

ဂျက်ဆီကာဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း Miss England ပြိုင်ပွဲဝင်ခဲ့ပြီး ဒုတိယဆု ရခဲ့ပါတယ်။ ကျောင်းတွေမှာ ဆံပင်နီတဲ့ ကလေးတွေ ဘယ်လိုရင်ဆိုင်ကြုံတွေ့နေလဲဆိုတာ လူတွေ သိလာအောင် လုပ်ဖို့၊ သူ့လို အဖြစ်မျိုး ကြုံနေရတဲ့ ကလေးတွေကို စိတ်ဓာတ်ခွန်အားပေးဖို့ အရေးကြီးတယ်လို့လည်း ဂျက်ဆီကာက ဆိုပါတယ်။

အလယ်တန်းကျောင်းမှာတုန်းက နာမည်ဖျက်ပြီး လှောင်ပြောင်ခံခဲ့ရသလို တွန်းထိုးတာ၊ တံတွေးနဲ့ ထွေးသွားတာ၊ မီးရှို့ခံရတာ စတဲ့ အနိုင်ကျင့်မှုတွေ ခံခဲ့ရပြီး ရက်စက်တဲ့ အတန်းဖော်တွေရန်က လွတ်ဖို့ အိမ်သာထဲမှာ နေ့လယ်စာ သွားစားခဲ့ရဖူးတယ်လို့ ဂျက်ဆီကာက ပြောပါတယ်။

ဂျက်ဆီကာဟာ အသက် ၁၈ နှစ်အရွယ်ကတည်းက အေဂျင်စီ တော်တော်များများနဲ့ စာချုပ်ချုပ်ခဲ့ပြီး နိုင်ငံတကာမော်ဒယ်လောကထဲ ဝင်ရောက်ခဲ့တာပါ။ သူဟာ ၂၀၂၁ ခုနှစ်တုန်းကလည်း ၉၆ ရက်ဆက်တိုက် ဖန်စီဝတ်စုံတွေ ဝတ်ပြီး ၅ ကီလိုမီတာ အကွာအဝေးပြေးရင်း လီဗာပူးမြို့ခံ ပရဟိတအဖွဲ့အစည်းတွေအတွက် ရန်ပုံငွေ ပေါင် ၆၀၀၀ ရှာဖွေပေးခဲ့သူပါ။

Ref: Meet Miss England 2022! Aerospace engineering student, 26, who was bullied in school over her ginger locks

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top