အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုတွေလုပ်ထားတဲ့အတွက် ဗင်းနစ်မြို့ရဲ့တူးမြောင်းက ရေတွေ ကြည်လင်လာ

19-3-2020-yyl-006.jpg

အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ဟန့်တားမှုတွေပြုလုပ်ခဲ့ပြီး တူးမြောင်းတွေမှာလည်း လှေသွားလာမှုကို ရပ်တန့်စေခဲ့ပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် အီတလီလူမျိုးတွေ နေထိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ လက်ရှိ ဗင်းနစ်မြို့ရဲ့တူးမြောင်းတွေက အသန့်ရှင်းဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လူတွေကို ထိတ်လန့်စိုးရိမ်စေတာနဲ့အတူ ရေအောက်မှာ ရှိနေတဲ့ ငါးတွေကို ရှင်းရှင်းလင်းလင်းမြင်လို့ရအောင် ရေစီးကြောင်းတွေကိုလည်း ကြည်လင်သွားစေခဲ့ပါတယ်။ အမြဲလိုလို လူတွေနဲ့ပြည့်နှပ်နေတဲ့ လမ်းကြိုးလမ်းကြားတွေက လူသူပျက်လာတဲ့အတွက် တူးမြောင်းတွေမှာ ဗျိုင်းတွေကလည်း လွတ်လွတ်လပ်လပ် သွားလာနေကြပါတယ်။ အီတလီမြောက်ပိုင်းတစ်လျှောက်မှာ လေထုညစ်ညမ်းမှုလည်း ကျဆင်းသွားခဲ့ပါပြီ။

တူးမြောင်းတစ်လျှောက် ဂွန်ဒိုလာလှေစီးတဲ့ ခရီးသွာားဧည့်သည်တွေလည်း မရှိတဲ့အတွက် ရေထဲက အနည်အနှစ်တွေက အောက်ခြေမှာ အနည်ထိုင်ပြီး ရေကို ပိုပြီးကြည်လင်သွားစေခဲ့ပါတယ်။ ဗင်းနစ်မြို့က ဒေသခံတစ်ဦးဖြစ်တဲ့ မာကို ကာပိုဗီလာက ရေအောက်မှာရှိတဲ့ ငါးတွေကို ရိုက်ပြရင်း ရေတွေ အရမ်းကြည်လင်နေတာကို အရင်က မမြင်ဖူးခဲ့ဘူးလို့ ပြောပါတယ်။

“အခုဆိုရင် တူးမြောင်းမှာ လူသွားလူလာနည်းသွားတဲ့အတွက် ရေတွေ ပိုကြည်လင်သွားပါတယ်။ နေထိုင်သူတွေကို သွားလာမှု တားမြစ်လိုက်တဲ့အတွက် ခါတိုင်းထက် လှေစီးတာနည်းသွားပြီး လေထုညစ်ညမ်းမှုလည်း နည်းသွားပါတယ်” လို့ ဗင်းနစ်မြို့တော်ဝန်ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း ပြောပါတယ်။ ” ပိတ်ဆို့မှုတွေ မလုပ်ခင်က တူးမြောင်းထဲမှာ ငါးတော်တော်များများကို မြင်တွေ့ရတာ ရှားလှပါတယ်။ ကျွန်တော်တို့က အခုလိုဝမ်းနည်းစရာအချိန်မှာမြင်ခွင့်ရလိုက်ရပါတယ်။ ပိတ်ဆို့ဟန့်တားမှုတွေပြီးဆုံးသွားတဲ့အခါ ဗင်းနစ်မြို့က ခရီးသွားဧည့်သည်လာရောက်မှုနဲ့ သန့်ရှင်းမှုတွေကြားမှာ ဟန်ချက်ညီအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်” လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

နိုက်ထရိုဂျင်အောက်ဆိုဒ်ပမာဏကလည်း ပြီးခဲ့တဲ့လေးပတ်အတွင်း (၁၀) ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တယ်လို့ The Copernicus Atmosphere Monitoring Service က ဆိုပါတယ်။ St Mark’s Square လို ဗင်းနစ်မြို့ရဲ့အမှတ်အသားနေရာကလည်း ဂွန်ဒိုလာလှေမောင်းနှင်မှုတွေ မရှိတော့တဲ့အတွက် လူသူကင်းမဲ့လာခဲ့ပါတယ်။

ဗင်းနစ်မြို့က ပြီးခဲ့တဲ့နှစ်က ခရီးသွားဧည့်သည် (၁) သန်းကျော်ကို ဆွဲဆောင်ထားတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ ဗိုင်းရပ်စ်စမ်းသပ်မှုက တစ်နေ့ကို လူ (၃၀၀၀) ကနေ (၁၁၀၀၀) ကျော်ထိ မြင့်တက်လာမှာဖြစ်တယ်လို့ ဗင်းနစ်မြို့အကြီးအကဲက ပြောပါတယ်။

Ref: Venice’s canals are the cleanest they’ve been in living memory after coronavirus lockdown leaves water clear and fish become visible

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top