ရေသန့်ဗူးထဲက ရေကိုပဲ သောက်တတ်ပြီး သခင်ရဲ့အလိုလိုက်တာကို ခံချင်တဲ့ ခွေးလေး

31-5-2022-yyl-01.jpg

၅ လသားအရွယ် ပြင်သစ်ခွေးဘီလူး ဟင်နရီက သူ့ဘဝမှာ အကောင်းဆုံးဆိုတဲ့အရာတွေကို ကြိုက်နှစ်သက်ပါတယ်။ ၂၉ နှစ်အရွယ် လစ်ဇီ ပယ်လစ်စတာ မွေးထားတဲ့ ဟင်နရီက ရေသန့်ဗူးအပါအဝင် နေ့စဉ်လိုအပ်ချက်များစွာရှိတဲ့ခွေးတစ်ကောင်ပါ။ ဟင်နရီက ရေသန့်ဗူးထဲက ရေကိုပဲ သောက်တတ်ပါတယ်။

သူ့အငယ်ဆုံးသမီးလေး ရေဗူးကနေ ရေသောက်တာကို မြင်ပြီး ဟင်နရီက လိုက်ပြီးအတုခိုးတာဖြစ်နိုင်တယ်လို့ သခင်ဖြစ်သူ လစ်ဇီက ပြောပါတယ်။ အခုဆိုရင် ဟင်နရီက ရေသန့်ဗူးထဲကို ရိုးရိုးရေထည့်ဖို့ လစ်ဇီ ကြိုးစားတဲ့အခါတိုင်း ဟင်နရီက ငြင်းတတ်နေပါပြီ။ သူ့ရှေ့မှာ ရေသန့်ဗူးအသစ်ကို ဖွင့်ခိုင်းပါတယ်။

အခုဆို လစ်ဇီက ဟင်နရီရဲ့အဲဒီအကျင့်အတွက် တစ်လကို ပေါင် ၄၀ ကုန်ကျတယ်လို့ ပြောပါတယ်။ လစ်ဇစ်က “အရင်က ဟင်နရီလိုခွေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ တစ်ခုခုအပေါ် အာရုံစူးစိုက်မှုအားကောင်းတယ်။ သူက ၁၀၀ ရာခိုင်နှုန်း တောင်းဆိုလွန်းတဲ့သူပါပဲ။ မနက်တိုင်း ကြမ်းပြင်ပေါ်မှာ ဘုံပိုင်ရေထည့်ထားတဲ့ဇလုံကို ထားတဲ့အခါ သူက အဲဒါကို အသာအယာလေးတွန်းပစ်ပြီး “ငါရဲ့သောက်ရေသန့်ဘယ်မှာလဲ” ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်မကို ထိုင်ပြီးကြည့်နေတယ်။ အပတ်တိုင်း ရေသန့်ဗူး (၁၂) ဗူးပါ (၂) ပါကင်ဝယ်ရပြီး တစ်ပတ်ကို ၁၀ ပေါင်လောက် ကုန်ကျပါတယ်။ ကျွန်မ မိသားစုအတွက် ဈေးဝယ်ရတဲ့အပြင် သူ့အတွက် ရေသန့်ဗူးဝယ်ပေးရတယ်”

“ကျွန်မ ရေဗူးထဲ ဘုံပိုင်ရေကို ထည့်ဖို့ ကြိုးစားရင်း သူသိတယ်။ “ငါ့ကို အရူးလုပ်လို့မရဘူး”လို့ ပြောနေသလို သူ့ရှေ့မှာ ရေဗူးကို ဖွင့်ခိုင်းတယ်။ ရေသန့်ဗူးထဲက ရေကို ဇလုံထဲ ကျွန်မ ထည့်ပြီးတဲ့အထိ စောင့်ပြီးမှ သူသောက်တယ်။ သူ့မှာ သူ့ကိုယ်ပိုင်အစားအစာရှိတဲ့အပြင် သူ့ကိုယ်ပိုင်ရေလည်း ရှိတယ်”လို့ ပြောပါတယ်။

ဟင်နရီက လှေကားထစ်တွေကို မတက်ဘူး။ အိမ်ပေါ်တက်မယ်ဆိုရင် သူ့သခင်ကို ချီခိုင်းတယ်။ တစ်ယောက်တည်း အိပ်ရတာလည်း ကြိုက်တယ်။ “သူက လမ်းမလျှောက်ဘူး။ လှေကားထစ်တက်ရင်း ကျွန်မ သူ့ကိုချီရတယ်။ အောက်ပြန်ဆင်းရင်လည်း ကျွန်မ ချီပြီးချပေးဖို့ စောင့်တယ်။ ကျွန်မတို့နဲ့အတူ ဆိုဖာပေါ် ထိုင်တယ်။ ကျွန်မတို့ လမ်းလျှောက်သွားတဲ့အခါ သူ ရပ်ပြီး လူတိုင်း သူ့အပေါ် အရေးတယူဂရုစိုက်လာအောင်လုပ်တယ်”လို့ လစ်ဇီက ပြောပါတယ်။

သူ့သမီးလေးကို သူတို့အလိုလိုက်ထားလို့ ဆိုးနေတာကို မြင်ပြီး ဟင်နရီလည်း အဲဒီလိုအလိုလိုက်တာကို လိုချင်တာဖြစ်နိုင်တယ်လို့ လစ်ဇီက ဆိုပါတယ်။ “ကျွန်မ တစ်ခုခုလုပ်စရာရှိလို့ သူ့ကို ကျွန်မရဲ့ပေါင်ပေါ် တင်မထားခဲ့ဘူးဆိုရင် (၁) နာရီလောက် ကျွန်မကို စိတ်ဆိုးတယ်။ သူ့အတွက် ခွေးအိပ်ရာယူလာရင် အဲဒီမှာမအိပ်ဘဲနေတယ်။ ကျွန်မ ထွက်သွားမှ အဲဒီကို သွားအိပ်တယ်။ ဟိုတစ်နေ့ညက ကျွန်မ သူ့ကို အပေါ်ထပ်မသွားခိုင်းတာကြောင့် သူ စိတ်ဆိုးသွားတယ်။ ကျွန်မ့သမီး အရမ်းဆိုးတာကို မြင်ပြီး သူလည်း အရမ်းဆိုးချင်တာ”လို့ လစ်ဇီက ပြောပါတယ်။

Ref: Metro “Meet the diva dog who only drinks bottled water”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top