ဟယ်ရီမင်းသားရဲ့ ဇနီး၊ Sussex မြို့စားကတော် မီဂန်မာကယ်ဟာ သူ့မိသားစုနဲ့အတူ ဗြိတိန်ကို ပြန်လည်ပြောင်းရွေ့ပြီးတဲ့နောက်ကျရင် သရုပ်ဆောင်လောကထဲ ပြန်လည်ဝင်ရောက်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ မီဂန်ကို ဗြိတိန်အခြေစိုက်မယ့် ပရောဂျက်အသစ်တစ်ခုမှာ ဇာတ်ရုပ်တစ်ခုအဖြစ်ပါတင်ဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်မထားပါဘူး။
ဒီသတင်းက မှန်ကန်တယ်လို့ ဟယ်ရီနဲ့ မီဂန်တို့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်တစ်ခုက ဆိုထားပါတယ်။ မီဂန် သရုပ်ဆောင်ပြန်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး လူသိရှင်ကြားမှတ်ချက်ပေးခြင်းမရှိသေးသလို ဗြိတိန်ကို ပြန်ပြောင်းရွေ့မှာနဲ့ပတ်သက်ပြီးလည်း မှတ်ချက်မပေးထားသေးပါဘူး။
ဟယ်ရီမင်းသားနဲ့ မီဂန်တို့ တော်ဝင်မိသားစုကနေ ထွက်ခွာလာခဲ့ပြီး အမေရိကန်မှာ နေထိုင်ခဲ့တာ ၆ နှစ်ရှိသွားပါပြီ။ ၂၀၂၀ ခုနှစ်ကတည်းက ဟယ်ရီတို့မိသားစုက မီဂန်မွေးဖွားကြီးပြင်းခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်နေခဲ့တာပါ။
မီဂန်က ၂၀၁၈ ခုနှစ်မှာ ဟယ်ရီနဲ့ လက်မထပ်ခင် အမေရိကန်နဲ့ ကနေဒါမှာ သရုပ်ဆောင်မင်းသမီးလုပ်ခဲ့တာပါ။ ဟယ်ရီနဲ့ လက်ထပ်ပြီးတဲ့နောက်မှာ သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။ သူ ဟယ်ရီနဲ့ တွေ့ဆုံတဲ့အချိန် အမေရိကန်ဇာတ်လမ်းတွဲဖြစ်တဲ့ Suits မှာ ပါဝင်သရုပ်ဆောင်နေခဲ့တာပါ။ ဟယ်ရီနဲ့ မီဂန်တို့ရဲ့မင်္ဂလာပွဲကို အဲ့ဒီဇာတ်လမ်းတွဲရဲ့တွဲဖက်သရုပ်ဆောင်တွေတက်ရောက်ခဲ့ကြပါသေးတယ်။
ဟယ်ရီနဲ့ မီဂန်တို့က ဗြိတိန်ကို ပြန်လာတဲ့အချိန် သူတို့ရဲ့တော်ဝင်ရာထူးတွေကို ပြန်လည်ထမ်းဆောင်ဖို့ အစီအစဉ်မရှိဘူးလို့ ကြေညာထားခြင်းမရှိသေးပါဘူး။
Ref: Meghan Markle to return to acting with move back to UK: Report
WL (ရိုးရာလေး)

