Box Office မှာ အောင်မြင်မှုရရှိနေတဲ့ The Odyssey ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့သရုပ်ဆောင်တွေရတဲ့ အနုပညာကြေးအပေါ် လူတွေပိုပြီး အာရုံစိုက်နေကြပါတယ်။ မင်းသမီး ဇန်ဒါယာဟာ အေသီနာ ဇာတ်ရုပ်အတွက် ဒေါ်လာ ၈.၅ သန်း ရရှိခဲ့တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ ကြည့်ရှုသူတွေက ဇန်ဒါယာ ရတဲ့အနုပညာကြေးနဲ့ပတ်သက်ပြီး တအံ့တဩဖြစ်နေကြပါတယ်။ အဲ့ဒီဇာတ်ကားမှာ ဇန်ဒါယာ ကဇာတ်ဝင်ခန်း ၆ ခန်းတည်းပဲ သရုပ်ဆောင်ခဲ့ရလို့ပါပဲ။
အဲ့ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်ဖြစ်တဲ့ မင်းသမီး အန် ဟတ်သဝေး က ဇာတ်ဝင်ခန်း ၁၆ ခန်း ပါဝင်ခဲ့ရပြီး ဒေါ်လာ ၇.၁ သန်း ရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ သတင်းတွေမှာဖော်ပြထားတဲ့ အနုပညာကြေးတွေသာ မှန်ကန်နေမယ်ဆိုရင် ဇန်ဒါယာ ဟာ ဇာတ်ဝင်ခန်းအနည်းငယ်သာပါဝင်ခဲ့ပေမဲ့ မင်းသမီး အန် ဟတ်သဝေး ထက်အနုပညာကြေးပိုများနေပါတယ်။

ဇန်ဒါယာ က ဉာဏ်ပညာဂရိနတ်ဘုရားမ အေသီနာ အဖြစ်ပါဝင်ခဲ့ပြီး ဂရိဒဏ္ဍာရီလာ အစ်သကာ (Ithaca) ကျွန်းရဲ့ ဉာဏ်ရည်ထက်မြက်ပြီး နာမည်ကျော်ကြားတဲ့ ဘုရင်တစ်ပါးအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားမတ် ဒေမွန် နဲ့အတူ ဇာတ်ဝင်ခန်းတွေကို မျှသရုပ်ဆောင်ခဲ့တာပါ။
အနုပညာကြေးကွာခြားမှုက လူမှုကွန်ယက်ပေါ်မှာ အငြင်းပွားမှုတွေကို အစပျိုးလာစေခဲ့ပါတယ်။ တချို့က ဇန်ဒါယာ က ဇာတ်ဝင်ခန်းနည်းနည်းပဲ ပါဝင်ရပြီး မင်းသမီး အန် ဟတ်သဝေး ထက် အနုပညာကြေးပိုများနေရတာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ မင်းသား/မင်းသမီးတစ်ယောက်ရဲ့ အနုပညာကြေးက ဇာတ်ဝင်ခန်းနည်းတာများတာနဲ့ ဆုံးဖြတ်လို့မရပါဘူး။ မင်းသား/မင်းသမီးတစ်ယောက်ရဲ့ဈေးကွက်တန်ဖိုး၊ လူကြိုက်များမှု၊ အရင် Box Office စွမ်းဆောင်ရည်၊ ဇာတ်ကောင်တစ်ယောက်ရဲ့အရေးပါမှုအားလုံးဟာ အနုပညာကြေးကို လွှမ်းမိုးနိုင်ပါတယ်။

ဇန်ဒါယာ ဟာ Spider-Man ဇာတ်ကားတွေ၊ Dune ၊ Challengers ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာပါ။ အထူးသဖြင့် ၂၀၂၆ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ Spider-Man: Brand New Day ၊ The Odyssey နဲ့ The Drama စတဲ့ ရုပ်ရှင်ကားကြီးတွေရဲ့ အောင်မြင်မှုကြောင့် ကမ္ဘာတစ်ဝှမ်းရုံဝင်ငွေ ဒေါ်လာ ၂ ဘီလျံနီးပါးအထိ စံချိန်တင် ရရှိခဲ့ပြီး ၂၀၂၆ ခုနှစ်ရဲ့ Box Office မှာ ဝင်ငွေအများဆုံးမင်းသမီး ဖြစ်လာခဲ့ပါတယ်။
Ref: Zendaya Reportedly Earned $8.5 Million for Just Six Scenes in The Odyssey
WL (ရိုးရာလေး)

