ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် မဲလ်ဘုန်းမြို့ကို Lockdown ချ

4-8-2020-yyl-009.jpg

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဈေးဆိုင်တွေ၊ စက်ရုံတွေ၊ မရှိမဖြစ် မလိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ခဲ့ပြီး အလုပ်သမားတစ်သန်းကို အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အစောပိုင်းက ပိတ်ဆို့မှုလုပ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့နောက် မဲလ်ဘုန်းမြို့မှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ခဲ့တာပါ။ လူဦးရေ ၅ သန်း နေထိုင်တဲ့ မဲလ်ဘုန်းမြို့မှာ ညမထွက်ရအမိန့် အပါအဝင် စည်းမျဉ်းတော်တော်များများ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအတွက် မဲလ်ဘုန်းမြို့မှာ နေထိုင်တဲ့ အလုပ်သမား ၁ သန်းလောက်ဟာ အိမ်ပြင်ထွက်ခွင့် ရတော့မှာမဟုတ်ပါဘူး။

၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်ဖို့ ညွှန်ကြားခံထားရပေမဲ့ ကျန်းမာရေးခွင့် ကုန်ဆုံးသွားသူတွေအတွက် ငွေကြေးထောက်ပံ့ပေးမယ့်အစီအစဉ်ကိုလည်း ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။ တခြားခံစားခွင့်မရှိသူတွေအတွက် သြစတြေးလျဒေါ်လာ ၁၅၀၀ ထောက်ပံ့ပေးပြီး ထောက်ပံ့ကြေးကို တစ်ကြိမ်မက လျှောက်ထားခွင့်ရှိတယ်လို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောပါတယ်။ အခုနောက်ဆုံးချမှတ်ခဲ့တဲ့ ကန့်သတ်မှု စည်းမျဉ်းတွေကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့ကျစေလိမ့်မယ်လို့ အာဏာပိုင်တွေက မျှော်လင့်နေပါတယ်။ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၃၀၀ ရှိတဲ့အနက် တစ်ဝက်ကျော်ဟာ ဗစ်တိုးရီးယားပြည်နယ်မှာ (မဲလ်ဘုန်းမြို့ပါဝင်တဲ့) နေထိုင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့လမှာ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာပါ။ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၅ ယောက် ရှိပါတယ်။ မဲလ်ဘုန်းမြို့မှာ ည ၈ နာရီကနေ မနက် ၅ နာရီကြားကာလအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အလုပ်လုပ်ဖို့၊ ဆေးကုသပေးဖို့၊ ကျန်းမာရေးစောင့်ရှောက်ဖို့ စတဲ့ ကိစ္စရှိသူတွေပဲ အပြင်ထွက်ခွင့်ရှိပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top