ကျွန်းငယ်ပေါ်မှာ သောင်တင်နေတဲ့ မက်ခရိုနီးရှား ရွက်လွှင့်သူ ၃ ယောက်ကို SOS စာသားကြောင့် ကယ်တင်နိုင်ခဲ့

4-8-2020-yyl-008.jpg

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းက ဝေးလံခေါင်သီတဲ့ ကျွန်းငယ်ပေါ်မှာ သောင်တင်နေတဲ့ မက်ခရိုနီးရှားရွက်လွှင့်သူ ၃ ယောက်ကို ကမ်းခြေပေါ်မှာရေးထားတဲ့ SOS (Save our Soul) စာသားကြောင့် ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ သြစတြေးလျနဲ့ အမေရိကန်စစ်တပ်လေယာဉ်တွေက မက်ခရိုနီးရှားနိုင်ငံ ပိုက်ခ်လော့ကျွန်းပေါ်မှာ မက်ခရိုနီးရှားသင်္ဘောသား ၃ ယောက်ကို တွေ့ရှိခဲ့တာလို့ သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ (ADF)က ပြောပါတယ်။ ၂၃ ပေရှည်လျားတဲ့ ရွက်လှေငယ်ဟာ လောင်စာဆီ ကုန်ပြီး ဦးတည်သွားနေတဲ့ လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားခဲ့ပြီးနောက်မှာ သုံးရက်ကြာ ပျောက်ဆုံးသွားခဲ့တာပါ။ သူတို့ ၃ ယောက်လုံး ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ဘဲ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ADF က ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ ၃ ယောက်ဟာ ပူလာဝက်အငူကနေ ပူလက်အငူအထိ ၂၆ မိုင်ခရီး သွားရောက်ခဲ့တာပါ။ ဒါပေမဲ့ ဆီကုန်ပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ သူတို့စတင်ထွက်ခွာခဲ့တဲ့နေရာရဲ့ အနောက်ဘက် ကီလိုမီတာ ၂၀၀ အကွာမှာရှိတဲ့ ပိုက်ခ်လော့ကျွန်းကို ရောက်ရှိသွားခဲ့တာပါ။ ပြီးခဲ့တဲ့စနေနေ့မှာတော့ ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပိုင်နက်နယ်မြေဖြစ်တဲ့ ဂူအမ်ကျွန်း အာဏာပိုင်တွေက ရှာဖွေရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ပိုက်ခ်လော့ကျွန်း ကမ်းခြေပေါ်မှာ မက်ခရိုနီးရှား ရွက်လွှင့်သူ ၃ ယောက် ရေးထားတဲ့ SOS အမှတ်အသားကို လေယာဉ်ပေါ်ကနေ တွေ့ရှိခဲ့ပြီးနောက်မှာတော့ သြစတြေးလျရဟတ်ယာဉ်က ကျွန်းပေါ်ကိုဆင်းသက်ပြီး အစားအစာနဲ့ ရေပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ရွက်လွှင့်သူ ၃ ယောက်ကို မက်ခရိုနီးရှား လှည့်ကင်းသင်္ဘောက သူတို့နိုင်ငံထံ ပြန်ခါ်သွားခဲ့တာပါ။ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာရှိတဲ့ မက်ခရိုနီးရှားနိုင်ငံက ကျွန်းငယ် ၆၀၀ ကျော်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top