ဘာစီလိုနာကနေ ထွက်ခွာခွင့်တောင်းခဲ့တဲ့ မက်ဆီ

photo2.jpg

စာချုပ်ပါအချက်အတိုင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းခွင့်ပေးဖို့ ဘာစီလိုနာအသင်းကို မက်ဆီက တောင်းဆိုလိုက်ပါပြီ။ အသက် ၃၃ နှစ်ရှိတဲ့ မက်ဆီဟာ ကစားသမားဘဝတစ်လျှောက်လုံး ဘာစီလိုနာတစ်သင်းတည်းမှာ ကစားခဲ့သူဖြစ်ပြီး Ballon d’Or ဆု ၆ ကြိမ် ဆွတ်ခူးခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဘာစီလိုနာနဲ့ မက်ဆီတို့ ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၀-၂၁ ရာသီအကုန်မှသာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ စာချုပ်ပါ အချက်အရ တစ်ဖက်သတ် စာချုပ်ဖျက်သိမ်းခွင့်ရှိတယ်လို့ မက်ဆီနဲ့ သူ့ရဲ့ဥပဒေအဖွဲ့က ယုံကြည်နေပါတယ်။ အဲဒီစာချုပ်မှာ မက်ဆီကို ခေါ်ယူချင်တဲ့ အသင်းက စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ပေးရမယ်လို့ ဖော်ပြထားပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီး ဒီရာသီမှာ ဘာစီလိုနာအသင်း ဖလားလက်မဲ့ ဖြစ်ခဲ့တဲ့နောက် ဘာစီလိုနာမှာ မက်ဆီ မပျော်တော့ဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့တစ်ပတ်က ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းနဲ့ တွေ့ဆုံခဲ့ပြီး အသင်းရဲ့စီမံကိန်းကို အယုံအကြည်မရှိတော့ဘူးလို့ ပြောခဲ့ကြောင်း သတင်းထွက်နေပါတယ်။ ရော်နယ်ကိုးမန်းကလည်း မက်ဆီကို ”မင်းရဲ့ဂုဏ်သတင်းကျော်ကြားမှု ပြီးဆုံးသွားပြီ”လို့ တုံ့ပြန်ခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။ မက်ဆီက ဘာစီလိုနာအသင်း ဆက်ဆံရေးအဖွဲ့ထံ ဖက်စ်ပို့ပြီး အသင်းကနေ ထွက်ခွာခွင့်တောင်းခဲ့တဲ့နောက် ဘာစီလိုနာပရိသတ်တွေက အသင်းရဲ့ရုံးချုပ်အပြင်ဘက်မှာ ဆန္ဒပြခဲ့ပြီး အသင်းဥက္ကဋ္ဌ ဘာတိုမြူကို နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ လုံး၊ လာလီဂါဖလား ၁၀ လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top