လောင်စာဆီဈေးနှုန်း ကန့်သတ်ချက် ပြန်လည်ထားရှိပေးမယ်လို့ ကာဇက်စတန်အစိုးရ ကြေညာ

7-2-2022-yyl4.jpg

လူသေဆုံးတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ကာဇက်စတန်အစိုးရက လောင်စာဆီဈေးနှုန်း ကန့်သတ်ချက်ကို ၆ လကြာ ပြန်လည်ထားရှိပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်း ကန့်သတ်ချက်တွေကိုလည်း ၆ လကြာ ထားရှိပေးမယ်လို့ ဆိုပါတယ်။အခုတစ်ပတ်အတွင်း လောင်စာဆီဈေးနှုန်း ကန့်သတ်ချက် ရုပ်သိမ်းလိုက်လို့ ကာဇက်စတန်နိုင်ငံမှာ မော်တော်ယာဉ်ဆီအဖြစ် အသုံးပြုတဲ့ LPG ဓာတ်ငွေ့ရည်ဈေးနှုန်းက ၂ ဆအထိ မြင့်တက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကာဇက်စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အယ်မာတီမြို့နဲ့ အနောက်ပိုင်း မာဂျီစတာအူပြည်နယ် လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ လောင်စာဆီ ဈေးနှုန်း မြင့်တက်ရာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ နောက်ပိုင်းမှာတော့ နိုင်ငံရေးမကျေနပ်ချက်တွေ ပါဝင်လာခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံဟာ အာဏာရှင်နိုင်ငံအဖြစ် သတ်မှတ်ခံရလေ့ရှိပြီး ရွေးကောက်ပွဲအများစုမှာ အာဏာရပါတီကပဲ မဲရလဒ် ရာနှုန်းပြည့်နီးပါးနဲ့ အနိုင်ရလေ့ရှိပါတယ်။ အင်အားရှိတဲ့ နိုင်ငံရေးအတိုက်အခံလည်း မရှိပါဘူး။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာတော့ ဆန္ဒပြပွဲတွေ ပိုအားကောင်းလာပြီး အယ်မာတီမြို့တော်ဝန်ရုံးနဲ့ သမ္မတအိမ်တော် မီးတင်ရှို့ခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဆူပူအုံကြွမှုတွေဟာ ပြည်ပမှာ လေ့ကျင့်ထားတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ သမ္မတ တိုကာယက်ဗ်က စွပ်စွဲခဲ့ပြီး ရုရှားဦးဆောင်တဲ့ စစ်ရေးမဟာမိတ်အဖွဲ့အနေနဲ့ စစ်သည်တွေ စေလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လက်ရှိကြုံတွေ့နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ ရုရှားစစ်သည်တွေက ကာဇက်စတန်နိုင်ငံဆီ ထွက်ခွာလာပါပြီ။

အယ်မာတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းချိန်မှာ အဓိကရုဏ်းဖန်တီးတယ်လို့ သတ်မှတ်ခံရသူ ဒါဇင်ပေါင်းများစွာကို သတ်ခဲ့တယ်လို့ ကာဇက်စတန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ခေါင်းဖြတ်ခံရတဲ့ လုံခြုံရေးအရာရှိ ၂ ယောက်အပါအဝင် လုံခြုံရေးအရာရှိ ၁၃ ယောက် သေဆုံးခဲ့ပြီး လုံခြုံရေးအရာရှိ ၃၅၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကာဇက်စတန်နိုင်ငံပိုင် ရုပ်သံလိုင်းက ဖော်ပြပါတယ်။ ဆန္ဒပြပွဲတွေမှာ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

ကာဇက်စတန်အစိုးရအနေနဲ့ အင်အားသုံး ဖိနှိပ်မှုတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)က တိုက်တွန်းထားပါတယ်။ ကာဇက်စတန်အာဏာပိုင်တွေက အခြေခံလူ့အခွင့်အရေးတွေကို အကျယ်တဝင့် ဖိနှိပ်ခဲ့ကြလို့ တန်ပြန်သက်ရောက်မှုအဖြစ် အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာလို့ Amnesty International ရဲ့ ဥရောပအရှေ့ပိုင်းနဲ့ ဗဟိုအာရှ ဒါရိုက်တာ မာရီစထရူသာက ပြောပါတယ်။

Ref: BBC “Kazakhstan unrest: Government restores fuel price cap after bloodshed”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top